16/11/2024
သူတို့တွေရဲ့ယောက်ျားကကဗျာဆရာ မဟုတ်ဘူး
မင်္ဂလာဆောင်ဖိတ်စာကိုပဲကြည့်လိုက်
သူတို့ယောက်ျားတွေကျတော့
နာမည်နောက်မှာ ကွင်းခပ်ပြီး
ကုမ္ပဏီတွေ ဘွဲ့တွေ စိတ်ကြိုက်ထည့်လို့ရတယ်လေ
အလုပ်ကပြန်လာချိန် လက်ဆွဲအိပ်ကိုယူပေး
သံပုရာရည်လေးဖျော်တိုက်ရုံပဲ
စာရေးစားပွဲက ဘယ်တော့ထမလဲ မမေးရဲတာမျိုး
သူတို့မှာ ဘယ်ရှိမလဲ
သူတို့မှာ အလုပ်စားပွဲကို
သေသေချာချာ စီညီ ရှင်းပေးမိလို့
အဆူခံရတာမျိုးလည်းမရှိ
ညနှစ်နာရီအထိ ဖွင့်ထားတဲ့ စာကြည့်မီးကြောင့်
နံရံဖက်လှည့်အိပ်နေရတာမျိုးလည်းမရှိ
ဥရောပရုပ်ရှင်ကိုနားမလည်လို့ မင်းကွာလို့
ပြောမယ့်သူမရှိ
ဖြစ်တည်မှု ၊ သိမှု ၊ ငြီးငွေ့မှု ၊
မသိစိတ် ၊ ဆူဆိုဒ် ၊ အဓိပါယ်ကင်းမဲ့ခြင်း ၊
ငြိမ်းချမ်းရေး ၊ မော်ဒန် ၊ ပို့စ်မော်ဒန်
အဲဒီဟာတွေ စာအုပ်စင်ကိုဖုန်ခါရင်း
အကြိမ်လေးရာငါးဆယ်မြောက်နားထောင်ရခြင်းမှလည်း
ကင်းဝေး
ဗန်ဂိုးရယ် ကတ်ကိုဘိန်းရယ်
အဲဒီ ကိုယ့်ဟာကိုယ်သတ်သေကုန်တဲ့
လူနှစ်ဒါဇင်လောက်ရဲ့အမည်တွေကိုလည်း
သူတို့ လိုက်မှတ်ထားစရာမလို
အဲဒီအစား
အသစ်ဖွင့်တဲ့စားသောက်ဆိုင်ကို
သူတို့စုံတွဲတွေက ရောက်ပြီးသွားပြီ
ရုံးပိတ်ရက်စတာနဲ့ သူတို့လင်မယားတွေက
ဟိုဖက်နိုင်ငံက ကမ်းခြေမှာ ကဲနေပြီ
အိမ်ကရေချိုးခန်းထဲ၀င် ဘယ်နှပတ်လောက်
ဆက်၀တ်ထားမှန်းမသိတဲ့
ဂျင်းဘောင်းဘီတွေ ထိုင်လျှော်မနေရဘူးမဟုတ်လား
ကိုယ့်အိမ်လာရင်လည်း ဘယ်လိုဧည့်ခံရမှန်းမသိ
သူတို့ကြားထဲရောက်ရင်လည်း
ဘယ်လိုနေရမှန်းလည်းမသိတဲ့
ဆံပင်ရှည်တွေ မုတ်ဆိတ်တွေ ဂျင်းဂျာကင်တွေ
ကျွဲကော်ကိုင်းမျက်မှန်တွေ
ဂွတီးဂွကျတွေနဲ့ ဦးလေးကြီးတွေရှေ့
ဆေးလိပ်မီးခိုးငွေ့တွေကြား
အူကြောင်ကြောင်နဲ့ထိုင်နေရမယ့်အစား
သူတို့ကျတော့ ရင်ကော့ခေါင်းမော့ထားတဲ့
သူတို့ယောက်ျားရဲ့လက်မောင်းကိုတွဲပြီး
တောက်ပတဲ့ညစာစားပွဲခန်းမထဲ ၀င်သွားရုံပဲလေ
သူတို့ယောက်ျားတွေရဲ့အံဆွဲကိုဖွင့်လိုက်ရင်
ခြစ်ရာဖျက်ရာလက်ရေးတွေနဲ့စက္ကူအတိုအထွာတွေအစား
ငွေစက္ကူတွေပဲ ထွက်လာမှာ
ကျွန်မရဲ့ယောက်ျားကတော့
သူတို့ရဲ့ယောက်ျားတွေလို မဟုတ်ဘူး
ကဗျာဆရာတဲ့
ဒီမြို့မှာ မျက်လှည့်ဆရာပြီးရင်
အထူးဆန်းဆုံးလူသားပေါ့
ကဗျာဆရာတဲ့
ဘာကိုယ်ရေးအကျဉ်း ဘာပုံစံမှာမှလည်း
ဖြည့်မရ စွက်မရနဲ့ ကဗျာဆရာတဲ့
ဆိုင်းဘုတ်ရေးဆရာ လက်သမားဆရာလောက်တောင်
ရပ်ကွက်ထဲမှာ ဘယ်သူမှ အကူညီလာတောင်းခြင်း မခံရ
သူတို့တွေရဲ့ယောက်ျားက ကဗျာဆရာ မဟုတ်ဘူး
ကျွန်မယောက်ျားကတော့ ကဗျာဆရာ
ကျွန်မကတော့ ကဗျာဆရာဇနီး
ကဗျာဆရာကို လက်ထပ်ထားတဲ့ မိန်းမ
ကဗျာဆရာဆိုတဲ့ ဘဲကြီးကိုမှ ချစ်မိတဲ့စော်
အင်း
အဲဒါက ကဗျာဆရာထက်တောင် ပိုမိုက်သေးတယ် မဟုတ်လား ။
#မောင်ယုပိုင်