09/01/2026
: ကလေး ကြီးလာမှာ အဝတ်အစားတွေ အများကြီး ဝယ်မပေးနဲ့။ ခဏလေးနဲ့ ထွားလာမှာ။ ခပ်ပွပွတွေ ဝယ်ပေးမှ သူတို့ ကြီးလာမှနဲ့ အတော်ပဲ။
အရုပ်တွေက ဘာလုပ်ဖို့တုန်း။ ကလေးက ခဏပဲ ဆော့ပြီး ပစ်ထားမှာ။ အပိုကုန်တယ်။
ဒီလိုပြောတာမျိုးကို ကျွန်မအပါအဝင် မေမေတို့ ခဏခဏကြားဖူးမှာပါ။ အထူးသဖြင့် လူကြီးတွေက ပြောတာကိုပေါ့။
လူကြီးတွေကတော့ ကိုယ်တွေ အပိုကုန်မှာစိုးလို့ မလိုတာတွေ မသုံးဘဲ ကလေးနောင်ရေးအတွက် စုစေချင်တာပေါ့။ သူတို့ပြောတာလည်း မှန်ပါတယ်လေ။ အင်္ကျီတွေဆိုတာလည်း ကလေးက ခဏလေးနဲ့ ထွားလာရင် နှမြောစရာ။ အရုပ်ဆိုတာလည်း သူတို့ ကြိုက်တာပဲ ရွေးဆော့ကြတာဆိုတော့။
ဒါပေမဲ့လည်းလေ။ ဘဝရဲ့ ပျော်စရာဆိုတာကလည်း သူ့အရွယ်နဲ့ သူမလား။ အရုပ်ဆိုတာကလည်း ဒီအရွယ်ပဲ ဆော့ကြတာလေ။ ကြီးမှ ဝယ်ပေးတော့လည်း သူတို့ဆော့မှာမှ မဟုတ်တာ။
အဝတ်အစားဆိုလည်း ဒီလိုပဲ။ လှတာတွေ့တော့လည်း မိဘဆိုတော့ ဝယ်ပေးချင်တာပေါ့။ ဝယ်ရင်ကောင်းမလား မကောင်းမလားဆိုတာတောင် စဉ်းစားတဲ့ဆီမရောက်လိုက်ပါဘူး။ ဒါလေးက ငါ့ကလေး ဝတ်လိုက်ရင် လှမှာဆိုတာနဲ့ ကောက်ထည့်မိတော့တာပါပဲ။ အရုပ်ဆိုလည်း ငါ့ကလေးသာ ဒါလေးကို ဆော့ရရင် တော်တော်ပျော်မှာလို့ တွေးပြီး ဝယ်လိုက်မိတာပါပဲ။
မိဘဆိုတာကတော့ ဒီလိုပါပဲ။ လောဘကြီးတယ်ပဲ ပြောရမလား။ သူတို့နောင်ရေးအတွက် မစုဘူးလားဆိုတော့ စုနေတယ်။ လက်ရှိမှာလည်း ကိုယ်တတ်နိုင်တာလေးတွေ ဖြည့်ဆည်းပေးချင်တာပါပဲလေ။ ကလေးဘဝမှာ ရမယ့် အပျော်တွေကို ကလေးဘဝမှာ ပေးလိုက်ချင်တာကိုး။
ကိုယ်က ချမ်းသာတဲ့ မေမေမဟုတ်ပေမဲ့ ကိုယ်သုံးရမှာ၊ ကိုယ်စားရမှာလေးတွေကို လျှော့ပြီး ကလေးအတွက် ဝယ်ပေးလိုက်ရရင် ပျော်နေတာပဲမလား။