24/05/2016
ကျန်းမာကြံ့ခိုင်ကြစေလို
သူငယ်ချင်းတို့ အားလုံးဘဲ မင်္ဂလာပါ။ ပြီးခဲ့တဲ့ တခေါက်က ဝိတ်ချချင်တဲ့ သူငယ်ချင်းတွေအတွက် ရေးခဲ့ပြီဆိုတော့ ဒီတခေါက်တော့ ခန္ဓာကိုယ် ကြံ့ခိုင်သန်မာအောင် လေ့ကျင့်နေတဲ့ သူငယ်ချင်းတို့အတွက် ရည်ရွယ်ပြီး ရေးပါ့မယ်။ Body building exercise လို့ဘဲခေါ်ခေါ် muscle strengthening exercise လို့ဘဲပြောပြော ကိုယ့်ခန္ဓာကိုယ်မှာ အဆီပို မရှိဘဲ ကျစ်လစ် လှပအောင် လေ့ကျင့်ခန်းယူနေတဲ့ သူငယ်ချင်းတွေအနေနဲ့ ကိုယ်မျှော်လင့်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ဆိုရင် နည်းစနစ်ကျ မှန်ကန်တဲ့ လေ့ကျင့်ခန်းနဲ့ အာဟာရမျှတတဲ့ အစားအသောက်ကို လိုက်နာကြရမှာပါ။ အာဟာရမျှတတဲ့ အစားအသောက်လို့ ပြောတဲ့နေရာမှာ body builder တယောက်အနေနဲ့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့စွမ်းအင်နဲ့ အသားဓါတ်ကို လုံလောက်အောင်စားရပါမယ်။ အဆီပိုတွေ လောင်ကျွမ်းသွားအောင်လို့ဆိုပြီး အစားလျှော့ဖို့ ရည်ရွယ်ထားရင်တော့ သူငယ်ချင်းတို့ တခုသတိထားရမှာက ခန္ဓာကိုယ်က သူတနေ့တာ လိုအပ်တဲ့စွမ်းအင်ရဖို့ ဖြိုခွဲလိုက်တာဟာ ကိုယ်မလိုချင်တဲ့ အဆီတွေကိုတင်မဟုတ်ဘူးနော်။ လိုအပ်တဲ့စွမ်းအင်ရဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်အရ ကြွက်သားတွေဆီမှာ သိုလှောင်ထားတဲ့ စွမ်းအင်ကိုလဲ ချေဖျက် ဖြိုခွဲပစ်ရပါတယ်။ ဒါ့အပြင် စားတဲ့ သောက်တဲ့ထဲက စွမ်းအင်လုံလုံလောက်လောက် မပါတဲ့အခါ ကိုယ်မျှော်လင့်တဲ့ ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ဖို့ ကြွက်သားအသစ်တွေဖြစ်လာမယ့် ဇီဝဖြစ်စဉ်မှာ နှောင့်နှေးမှုတွေဖြစ်လာပါမယ်။ ဒီတော့ အဓိကကျတာက မှန်ကန်စွာ ရွေးချယ် စားသောက်ဖို့ပါဘဲ။ ကျန်းမာရေးအတွက် မသင့်တော်တဲ့ အဆီကို ရှောင်ပြီး (ဝိတ်ချတော့မယ် အပိုင်း ၂ မှာ အဆီကို လက်တွေ့ဘယ်လိုလျှော့ကြမလဲဆိုတာ ပြောထားပါတယ်) ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေမဲ့ အစားအစာ နဲ့ အသားဓါတ်ကို လုံလောက်မျှတအောင် စားကြရမှာပါ။ ဒါကတော့ body builder တွေအတွက် အာဟာရနဲ့ ပတ်သက်တဲ့ အခြေခံ သဘောတရားပေါ့နော်။
နောက်ထပ်ပြောချင်တာကတော့ အစားစားမဲ့ အချိန် timing အကြောင်းပါ။ ဘယ်အချိန်မှာ စားကြမလဲ???သူငယ်ချင်းတို့ အနေနဲ့ body building exercise လုပ်တဲ့အခါ လေ့ကျင့်ခန်းမလုပ်ခင် နာရီဝက်-၁နာရီလောက် အလိုမှာ ကာဗိုဟိုက်ဒြိတ် နဲ့ အသားဓါတ်ပါတဲ့ အစားအစာ တမျိုးမျိုးကို ကြိုပြီးစားထားသင့်ပါတယ်။ ဥပမာပေးရရင် ကားတွေကို မမောင်းခင် ဆီဖြည့်ထားသလိုပေါ့။ အဲဒီလို ကြိုစားထားတဲ့ (pre-exercise snack) ထဲက ကာဗိုဟိုက်ဒြိတ်က စွမ်းအင်ကို ပေးပါမယ်/ အသားဓါတ်ကတော့ muscle strengthening exercise လုပ်တဲ့အချိန်မှာ ကြွက်သားအသစ် တည်ဆောက်ဖို့အတွက် လိုအပ်မဲ့ အမိုင်နိုအက်ဆစ် ကိုပေးပါလိမ့်မယ်။ နောက်ပြီး လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းမှာတကြိမ်၊ နောက် ၁ နာရီ အကြာမှာ တကြိမ် ထပ်စားရပါမယ်။ ဒါမှ လေ့ကျင့်ခန်းလုပ်တဲ့ အချိန်တုန်းက ကြွက်သားတွေမှာ နဂိုသိုလှောင်ထားတဲ့ထဲက သုံးစွဲပစ်လိုက်ရတဲ့ စွမ်းအင်(glycogen)ကို ပြန်ဖြည့်ပေးနိုင်မှာပါ။ အဲဒီအချိန်မှာစားလိုက်တဲ့ အသားဓါတ်ကတော့ ခန္ဓာကိုယ် တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ဟော်မုန်းတွေ(insulin, growth hormone)ထွက်ဖို့ အတွက်ပါ။
ကျွန်မပြောတာ ရှုပ်သွားပြီလားဟင် သူငယ်ချင်းတို့။ နားမရှုပ်အောင် ပြန်ချုပ်ပြောရရင် လေ့ကျင့်ခန်းမလုပ်ခင် နာရီဝက် - ၁ နာရီ အလိုမှာတကြိမ်/ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းမှာ တကြိမ်/ လေ့ကျင့်ခန်းလုပ်ပြီး နောက် ၁ နာရီအကြာမှာတကြိမ် ကာဗိုဟိုက်ဒြိတ် နဲ့ အသားဓါတ်ပါတဲ့ အစားအသောက် တမျိုးမျိုး စားပေးရပါမယ်။
ကဲ..ဒါဆို ဘာစားမလဲ ၊ ဘယ်အချိန်စားမလဲ ပြီးသွားပြီဆိုတော့ ဘယ်လောက်များများစားရမလဲ ဆိုတာ ဆက်ပြောကြည့်ကြတာပေါ့။ body builder တယောက်အတွက် နေ့စဉ်လိုအပ်တဲ့ စွမ်းအင်ပမာဏကို တွက်ကြည့်ရအောင်။သူငယ်ချင်းတို့က body building exercise လဲကစားနေပြီး ကျန်းမာရေးအတွက်ပုံမှန်လေ့ကျင့်ခန်းလုပ်သူလို့ ယူဆတဲ့ အတွက်ရယ်/ နောက်ပြီး သူငယ်ချင်းတို့က ခန္ဓာကိုယ်မှာ muscle massများလာဖို့လို့ ရည်ရွယ်ပြီး လေ့ကျင့်နေတာရယ်ကြောင့် စွမ်းအင်လိုအပ်ချက်(energy requirement) ကို ၃၅ ကီလိုကယ်လိုရီ/ကီလိုဂရမ် နဲ့တွက်ပါမယ်။ နောက်ပြီး အသားဓါတ် ဘယ်လောက်လို သလဲကတော့ ပုံမှန်လူတွေအတွက် ဆိုရင် အသားဓါတ် ၀.၈-၁ ဂရမ်/ကီလိုဂရမ် လိုပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတို့ အတွက်ကတော့ ကြွက်သားတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အသားဓါတ်လုံလောက်အောင်ရဖို့ဆိုရင် ၁.၅ ဂရမ်/ကီလို ဂရမ် စားပေးဖို့ လိုပါမယ်။ (ဒီနေရာမှာ body builderက အခြေခံအားဖြင့် ကျန်းမာရေးကောင်းမွန်မှ/ရောဂါကြီးကြီးမားမား အထူးသဖြင့် ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါမရှိမှသာ အသားဓါတ်ကို နေ့စဉ်စားသင့်တဲ့ပမာဏထက် တိုးပေးလို့ သင့်တော်မှပါ)
ဒီတပတ်မှာ ကျွန်မက ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ် ရှိပြီး ကျန်းမာရေး ကောင်းမွန်တဲ့ body builder တယောက်အတွက် တနေ့စာ အစားအသောက် မီနူးနမူနာလေး ဆွဲကြည့်ထားပါတယ်။ ဒီဥပမာမှာ body builder ရဲ့ ကိုယ်အလေးချိန်က ၆၀ ကီလိုဂရမ်။ ဒီတော့ သူ့တနေ့စာ လိုတဲ့စွမ်းအင်က ၃၅×၆၀= ၂၁၀၀ ကီလိုကယ်လိုရီ။ အသားဓါတ်က တနေ့ကို ၉၀ ဂရမ်(၁.၅×၆၀)လိုပါ့မယ်။ ကဲဒါဆို သူတနေ့တာ ဘာတွေ ဘယ်လို စားရမလဲ ကြည့်ကြရအောင်။
မနက်စာ အသားဓါတ်(ဂရမ်) စွမ်းအင်(ကီလိုကယ်လိုရီ)
နွားနို့(low fat milk) တခွက် ၈ ၁၂၀
အသားညှပ်ပေါင်မုန့်
ပေါင်မုန့်(whole wheat) ၂ ချပ် ၄ ၁၆၀
ငါးသေတ္တာ(tuna) စားပွဲတင်ဇွန်း ၂ ဇွန်း ၁၄ ၁၁၀
အသီးအရွက်(နှစ်သက်သလို)
ကြက်ဥပြုတ် ၁ လုံး ၇ ၇၅
စုစုပေါင်း ၃၃ ၄၆၅
နေ့လယ်စာ
ထမင်း ယောင်းမ ၃ ဇွန်း ၆ ၂၄၀
ကြက်သားကြော်(အရေခွံမပါ) ၁ တုံး ၂၁ ၁၆၅
ကန်စွန်းရွက်ကြော် ၁ ပွဲ ၉၀
အသီးအရွက်ဟင်းရည်သောက် တမျိုးမျိုး
စုစုပေါင်း ၂၇ ၄၉၅
လေ့ကျင့်ခန်းမလုပ်ခင် နာရီဝက်-၁နာရီ အလို အဆာပြေ ( ဥပမာ- ညနေ ၄ နာရီ)
သရက်သီး (အလတ်စားအရွယ်) ၁ လုံး ၁၂၀
ပဲနို့ ၁ ခွက် ၈ ၁၂၀
စုစုပေါင်း ၈ ၂၄၀
လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်း အဆာပြေ (ဥပမာ- ညနေ ၆ နာရီ)
အသားညှပ်ပေါင်မုန့်(tuna sandwich)
ပေါင်မုန့် ၂ ချပ် ၄ ၁၆၀
ငါးသေတ္တာ စားပွဲတင်ဇွန်း ၂ ဇွန်း ၁၄ ၁၁၀
အသီးအရွက်(နှစ်သက်သလို)
သဘာဝသစ်သီးဖျော်ရည်(နှစ်သက်ရာ) ၁ ခွက် (unsweetened, fresh fruit juice) ၆၀
စုစုပေါင်း ၁၈ ၃၃၀
လေ့ကျင့်ခန်းလုပ်ပြီး နောက်၁နာရီ/ညစာ (ဥပမာ- ည ၇ နာရီ)
ခေါက်ဆွဲပြုတ်ချို ၁ ပန်းကန်
(အသီးအရွက် နှစ်သက်ရာ+ကြက်ဥ+ဆီ) ၇ ၂၄၅
ပြောင်းဖူးပြုတ်(အလတ်စား) ၁ ဖူး ၆ ၇၅
စုစုပေါင်း ၁၃ ၃၂၀
ညဘက် အဆာပြေ
ပန်းသီး အကြီး ၁ လုံး ၁၂၀
နွားနို့(low-fat milk)တခွက် ၈ ၁၂၀
စုစုပေါင်း ၈ ၂၄၀
တနေ့တာ စုစုပေါင်း ၁၀၇ ၂၀၉၀
ကဲ ဘယ်လိုလဲ သူငယ်ချင်းတို့ရေ။ အခု ကျွန်မပြထားတဲ့ မီနူး နမူနာကို ကြည့်လိုက်တော့ မေးစရာတွေရှိလာပြီ ထင်ပါရဲ့။ ဟုတ်ပါတယ်-အသားဓါတ် ပမာဏပေါ့။ သူလိုတာက ၉၀ ဂရမ်ဘဲပေမဲ့ ကျွန်မပေးထားတာက များနေပါတယ်။ အဲဒါကိုရှင်းရမယ်ဆိုရင် ကျွန်မတို့ နေ့စဉ်စားသောက်ကြတဲ့အခါ အသားငါးတွေဆီက ရတဲ့ အသားဓါတ် နဲ့ အသီးအနှံ ကရတဲ့ အသားဓါတ်ဆိုပြီး နှစ်မျိုးကွဲပါတယ်။ သူတို့ ၂ မျိုးက ရတဲ့ နေရာအမျိုးအစားမတူသလို သူတို့ကို ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က ချေဖျက်နိုင်စွမ်းနဲ့ စုပ်ယူနိုင်စွမ်းလဲ ကွဲပါတယ်။ အသားငါး ကရတဲ့ အသားဓါတ်ကိုဆိုရင် ခန္ဓာကိုယ်က ၉၀%နီးပါး ချေဖျက် စုပ်ယူနိုင်ပါတယ်။ အသီးအနှံက ရတဲ့အသားဓါတ်ကိုတော့ ၆၀-၇၀%လောက်ကိုဘဲ ခန္ဓာကိုယ်က သုံးနိုင်တာပါ။ ဒီတော့ အသားဓါတ်နဲ့ ပတ်သက်ရင် ခန္ဓာကိုယ်က စားသမျှအပြည့်ရတာ မဟုတ်တဲ့အတွက်ကြောင့် ကျွန်မပေးထားတဲ့ အသားဓါတ်ပမာဏက သူ့အတွက်များလွန်းမနေဘူးလို့ ပြောလို့ရပါတယ်။
သူငယ်ချင်းတို့ရေ... ဒီတပတ်တော့ နမူနာမီနူးဆွဲတဲ့ အဆင့်နဲ့ဘဲ နားကြရအောင်နော်။ အခု ကျွန်မဆွဲပြထားတဲ့ menu က နမူနာဘဲဆိုတော့ သူငယ်ချင်းတို့ အားလုံးအတွက် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒီတော့ ကိုယ့်အကြိုက်နဲ့ မကိုက်လို့ အဆင်မပြေရင်ဘဲ ဖြစ်ဖြစ်/တခြားဖြည့်စွက်ချင်တာ ဝေဖန်ချင်တာဘဲဖြစ်ဖြစ် ရှိရင် ကျွန်မကို ပြောပြ ဝေဖန် တိုင်ပင် ဆွေးနွေးနိုင်ပါတယ်ရှင်။
ဒါဆိုရင် သူငယ်ချင်းတို့ရေ နောက်တပတ်မှ ပြန်ဆုံကြတာပေါ့နော်😊