20/07/2024
အမြဲတမ်းခွင့်လွှတ်ပေးနေတဲ့ ဇနီးမယားကို လျှော့မတွက်ပါနဲ့
တချို့သောဇနီးမယားတွေဟာ တခြားသူတွေရဲ့အမြင်မှာ သိပ်ကိုအားမလိုအားမရ ဖြစ်ချင်စရာကောင်းတယ်။ သူတို့တွေဟာ သူတို့ခင်ပွန်းတွေဘာလုပ်လုပ် ခွင့်လွှတ်ပေးတတ်သလို ဘာအကြောင်းကိစ္စပဲရှိရှိ နားလည်ပေးနိုင်စွမ်း သိပ်ကိုကြီးမားတတ်ကြတယ်။ ဒါပေမဲ့ သူတို့လိုဇနီးမယားကို ပိုင်ဆိုင်ထားတဲ့ ခင်ပွန်းတွေအနေနဲ့ သူတို့ကိုအထင်သေးပြီး ငါဘာလုပ်လုပ် အေးဆေးပါကွာဆိုတဲ့ အချိုးမျိုးနဲ့ လျှော့မတွက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက ဒီအချက်တွေကြောင့် သည်းခံနေတာမို့ပါ။
- သစ္စာတရားကို အရမ်းတန်ဖိုးထားကြလို့
ဒီလိုဇနီးမယားတွေဟာ သူတို့ရဲ့ဘဝမှာ သစ္စာတရားကို သိပ်တန်ဖိုးထားကြတာဖြစ်လို့ တည်ဆောက်ပြီးသား ဆက်ဆံရေးတစ်ခုကို မပျက်စီးစေဖို့ အတတ်နိုင်ဆုံး ထိန်းသိမ်းထားကြတာ ဖြစ်ပါတယ်။ သူတို့ရွေးချယ်လိုက်တဲ့ ဆက်ဆံရေးဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့တတ်နိုင်တဲ့အထိ သစ္စာရှိစွာ တည်ဆောက်ဖို့ကို ဆုံးဖြတ်ထားပြီးသား ဖြစ်နေလို့ပါ။
- အမှားတွေကို ပြင်ဆင်လာဖို့ အချိန်စောင့်ပေးနေတာ
သူတို့ခင်ပွန်းတွေ အပြင်မှာဘာတွေပဲလုပ်လုပ် ဘာမှမပြောဘူးဆိုတဲ့ ဇနီးမယားတွေဟာ တကယ်တမ်းမှာတော့ ခင်ပွန်းတွေအနေနဲ့ သူတို့ရဲ့အမှားတွေကို ကိုယ်တိုင်နားလည်ပြီး သူတို့ကိုယ်တိုင် အမှားပြင်လာမဲ့အချိန်တွေကို စောင့်ဆိုင်းပေးနေကြတာပါ။ တကယ်တမ်းသူတို့ဟာ တုံးအနေလို့လည်းမဟုတ်သလို ဒေါသထွက်ပြီး မပေါက်ကွဲတတ်တာကြောင့်လည်း မဟုတ်ပါဘူး။ ကိုယ်တိုင်အမှားသိပြီး အမှန်ပြင်ဆင်ခြင်းက လူတော်တွေရဲ့အလုပ်ဖြစ်လို့ ခင်ပွန်းတွေကို အတိုင်းအတာတစ်ခုအထိ လွှတ်ထားပေးတာ ဖြစ်ပါတယ်။
- ပေါက်ကွဲခါနီး မီးတောင်လို
ဒါပေမဲ့ တချို့သောဇနီးမယားတွေဟာ ကိုယ်တိုင်အမှားလုပ်နေတာကိုတောင် အမှားလို့မသိတဲ့ ခင်ပွန်းမျိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါ သူတို့ရဲ့သည်းခံနိုင်စွမ်းတွေဟာလည်း ကုန်ခန်းလာတတ်ပါတယ်။ အချိန်တစ်ခုအထိ သည်းခံပေးနေတိုင်း ရောင့်တက်မယ်လို့တော့ မကြံပါနဲ့ တကယ်တော့ သူတို့ဟာ ပေါက်ကွဲခါနီး မီးတောင်တစ်ခုဖြစ်ကာ အချိန်အခါမရွေး ပေါက်ကွဲသွားနိုင်ပါတယ်။ ဒီလိုပေါက်ကွဲရင်တော့ သိပ်ကိုပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခုကို ဖြစ်စေမှာပါ။
- လုံးဝ နောက်လှည့်မကြည့်တတ်တော့ဘူး
အမြဲတမ်း ခွင့်လွှတ်မှုကို လက်ကိုင်ထားတတ်တဲ့ ဇနီးမယားတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်ဟာ သိပ်ကိုကံကောင်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီး ဒါကို လွယ်လွယ်မဆုံးရှုံးစေပါနဲ့။ ခင်ပွန်းရဲ့အမှားတွေကို လျစ်လျူရှုပေးတတ်တဲ့ ဇနီးမယားတစ်ယောက်ဟာ သူတို့စိတ်ကုန်သွားတဲ့တစ်နေ့မှာတော့ ဒီလူရဲ့အဝေးဆုံးကို ထွက်ခွာသွားမှာဖြစ်ပြီး ပြန်နောက်လှည့်မကြည့်မိလောက်အောင် စ်ိတ်ဓာတ်ပြတ်သားကြပါတယ်။
#ရသ
#စာပေ