04/01/2024
ဒေါ်လာ ၂၀ ဘီလီယံအကုန်ကျခံဆောက်လုပ်ထားပေမယ့် နှစ်စဉ်ရေအောက်ကိုနိမ့်ဆင်းနေတဲ့ ဂျပန်နိုင်ငံကရေပေါ်လေဆိပ်
ဂျပန်နိုင်ငံ အိုဆာကာမြို့အနီးမှာရှိတဲ့ Kansai အပြည်ပြည်ဆိုင်ရာလေဆိပ်က အိုဆာကာပင်လယ်အော်ထဲက လူလုပ်ကျွန်းတုပေါ်မှာတည်ဆောက်ထားတာဖြစ်ပါတယ်။ ကုန်မြေနှင့် ၃ မိုင်ခန့်အကွာ ပင်လယ်ထဲမှာဆောက်ထားတဲ့ ကမ္ဘာပေါ်မှာကုန်းမြေနှင့် အဝေးဆုံးလေဆိပ်တစ်ခုလည်းဖြစ်ပါတယ်။
ပင်လယ်ထဲမှာ ၂ မိုင်ခွဲရှည်တဲ့ကျွန်းတုဆောက်ဖို့အတွက် ရေအောက်မှာ ၅၉ ပေနှင့် ရေပေါ်မှာ ၆၆ ပေမြေဖို့ရန် တောင် ၂ လုံးကိုတူးဖော်ခဲ့ရပါတယ်။ ၁၉၉၄ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တဲ့ ဒီလေဆိပ်ကတည်ဆောက်ပြီး နှစ်အနည်းငယ်အတွင်းမှပဲ မျှော်မှန်းထားတာထက်ပိုပြီး မြန်ဆန်စွာမြေအောက်ကို နိမ့်ဆင်းလာတဲ့ ပြသနာကြုံတွေ့ခဲ့ရပါတယ်။
ရေအောက် ၁၉ ပေခန့်နိမ့်ဆင်းသွားမယ်လို့မျှော်မှန်းထားခဲ့ပေမယ့် ၁၉၉၉ ခုနှစ်မှာ ၂၇ ပေအထိနိမ့်ဆင်းသွားပါတယ်။ ဒါကြောင့် ဒီလေဆိပ်ကိုဆောက်လုပ်ဖို့ ၈ ဘီလီယံခန့် ကုန်ကျမယ့်ခန့်မှန်းထားပေမယ့် ပြင်ဆင်စရိတ်တွေကြောင့် စုစုပေါင်း ၂၀ ဘီလီယံအထိကုန်သွားပါတယ်။
ကုန်ကျစရိတ်အလွန်များသွားတာကြောင့် အစောပိုင်းနှစ်တွေမှာ အကြွေးတွေပိပြီနှစ်စဉ်အတိုးဒေါ်လာ သန်း ၅၆၀ အထိရှိခဲ့ပါတယ်။ ဒါကြောင့်ကုန်ကျစရိတ်ကာမိအောင် လေယာဉ်ဆင်းသက်ခတွေကိုတိုးမြှင့်လိုက်ပါတယ်။ ဒီလေဆိပ်မှာ Boeing 747 လိုလေယာဉ်ကြီးတွေဆင်းသက်ဖို့ ဒေါ်လာ ၁၀၀၀၀ အထိပေးဆောင်ရပြီးကမ္ဘာပေါ်မှာဈေးအကြီးဆုံးဖြစ်ပါတယ်။ (တိုကျိုကနာရီတာလေဆိပ်ပြီးရင် ဒုတိယလို့လည်းဆို)။ နှိုင်းယှဉ်ရမယ်ဆို နယူးယောက် JFK လေဆိပ်မှာ ဒေါ်လာ ၂၅၀၀ သာပေးရပါတယ်။
ဒီလေဆိပ်ရဲ့ Terminal 1 က ၁.၇ ကီလိုမီတာ (၁ မိုင်ကျော်) ရှည်တာကြောင့် ကမ္ဘာပေါ်မှာအရှည်ဆုံး လေဆိပ် Terminal လည်းဖြစ်ပါတယ်။ ဒါကြောင့်အခြားလေဆိပ်အကြီးတွေလိုပဲ လေဆိပ်အတွင်းသွားလာဖို့ မောင်းသူမဲ့ရထား Wind shuttle လည်းရှိပါတယ်။
လေဆိပ်ကျွန်းကနေကုန်းမြေကို ကူးဖို့အပေါ်ထပ်မှာ ၆ လမ်းသွားကားလမ်းနှင့် အောက်ထပ်မှာ ၂ လမ်းသွားရထားလမ်းပါဝင်တဲ့ Sky Gate Bridge R ဆိုတဲ့ နှစ်ထပ်တံတားကိုလည်းဆောက်ထားပါတယ်။ ဒီတံတားအတွက်လည်း ဒေါ်လာ ၁ ဘီလီယံအထိကုန်ကျခဲ့ပါတယ်။ ကမ္ဘာပေါ်မှာအရှည်ဆုံး နှစ်ထပ်တံတားတစ်စင်းလည်းဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်မှာလေဆိပ်ကိုတိုးချဲ့တဲ့အနေနဲ့ ပြေးလမ်းတစ်ခုပါဝင်တဲ့ နောက်ထပ်ကျွန်းတစ်ခုဆောက်လုပ်ခဲ့ပါတယ်။ ၂၀၂၀ မှာတတိယပြေးလမ်းကိုပါထပ်ဆောက်ဖို့ စီစဉ်ထားပေမယ့် လက်ရှိတော့ဆိုင်းငံ့ထားပါတယ်။ ၂၀၁၈ ခုနှစ်မှာတိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် လေယာဉ်ပြေးလမ်းပေါ်ရေတွေတက်ပြီး လေယာဉ်အချို့လည်း အင်ဂျင်ထဲရေဝင်သွားပါတယ်။ တံတားကိုလည်း ဆီတင်သင်္ဘောဝင်တိုက်ခဲ့တာကြောင့်ပျက်စီးသွားပါတယ်။
ဒီလေဆိပ်ကျွန်းကြီးကို ငွေအမြောက်အများကုန်ကျခံကာ ပြုပြင်ထိမ်းသိမ်းမှုတွေလုပ်နေပေမယ့် ရေအောက်ကိုနှစ်စဉ်ဆက်လက် နိမ့်ဆင်းနေဆဲဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာတစ်နှစ်ကို ၅၀ စင်တီမီတာနှုန်းကနေ ၂၀၀၈ ခုနှစ်မှာ ၆ စင်တီမီတာအထိလျှော့ချနိုင်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ ၃၈ ပေအထိနိမ့်ဆင်းနေပါပြီ။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ ဒီနှုန်းအတိုင်းဆို ၂၀၅၆ ခုနှစ်မှာ ပင်လယ်ရေမျက်နှာပြင်နဲ့ညီသွားပါမယ်။
ပြင်ဆင်ဖို့နည်းလမ်းတွေရှိပေမယ့် ခက်ခဲပြီး ကုန်ကျစရိတ်လည်းအဆမတန်များပြားမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့တတိယအကြီးဆုံးလေဆိပ်ဖြစ်သလို အိုဆာကာ၊ ကိုဘေး၊ ကျိုတိုမြို့ကြီးတွေအတွက် အားထားရတဲ့ ဒီလေဆိပ်ကြီးအတွက် ဖြေရှင်းစရာပြသနာတစ်ခုကရှိနေဆဲဖြစ်ပါတယ်။
copy