11/10/2022
လာမယ့် အောက်တိုဘာ ငါးရက်နေ့က ကမ္ဘာ့ဆရာများနေ့ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာ ဆရာများနဲ့ စတင်ပါတယ်လို့ အဓိပ္ပါယ်ရတဲ့ “The transformation of education begins with teachers”ဆိုတာ ဖြစ်ပါတယ်။
ပညာရေးဆိုတာ ဗဟုသုတ၊ စွမ်းရည်၊ စိတ်နေသဘောထား တန်ဖိုးထားမှု တစ်ခုခု အပြုသဘောအဖြစ် ပြောင်းလဲသွားအောင် လုပ်ဆောင်တဲ့ ဖြစ်စဉ်တစ်ခုလို့ ယုံကြည်ပါတယ်။ အတိုခေါက်အနေနဲ့ ပြောင်းလဲမှု ဖြစ်စဉ်လို့ပဲ သုံးကြပါစို့။
က လေးလူကြီးမ ရေွး မသေခင်အချိန်ထိ သူတို့ရဲ့ အသိပညာ၊ စွမ်းရည်၊ စိတ်နေသဘောထား ပြောင်းလဲဖို့ နည်းမျိုးစုံနဲ့ လုပ်ကြတယ်။ ကျောင်းမှာ စာသင်ကြတယ်။ လက်တွေ့ဘဝမှာ ပတ်ဝန်းကျင်ကနေ သင်ယူတယ်၊ အလုပ်တွေလုပ်ရင်း သင်ယူတယ။ ဘာသာရေးဆိုရင်လည်း တရားနာတာ၊ ဘုရားကျောင်းသွားတာတွေလုပ်ပြီး သင်ယူကြတယ်။
ဒီပညာရေးဆိုတဲ့ ပြောင်းလဲမှု ဖြစ်စဉ်မှာ သင်ကြားပေးသူ၊ သင်ယူမှုကို ကူညီပံ့ပိုးသူတွေရဲ့ အခန်းက္ဍကအရမ်း အရေးကြီးပါတယ်။ ဒါကြောင့်လဲ ပညာရေးပြောင်းလဲမှု ဖြစ်စဉ်မှာ ဆရာ၊မတွေက အက္ခရာပဲလို့ ပြောတာနေမှာ။
ဆရာ၊မတွေရဲ့ စိတ်နေသဘောထားပေါ်မှာ၊ လုပ်ဆောင်မှုနဲ့ ဗဟုသုတအပေါ်မှာ မူတည်ပြီး သူတို့ဟာ ကောင်းမွန်တဲ့ ပညာရေး ပေးနိုင်လား မပေးနိုင်ဘူးလားဆိုတာ ဆုံးဖြတ်ကြတယ်။ ဆရာ၊မတွေဟာ ကလေးတွေရဲ့ဘဝမှာ သက်ရောက်မှု ကြီးမားတယ်။
ဆရာ၊မက စုံလင်ကွဲပြားမှုကို အလေးထားရင် စုံလင်ကွဲပြားတဲ့ ကလေးတွေကို ပါဝင်နိုင်အောင် လုပ်ဆောင်မယ်။ ဆရာ၊မက စုံလင်ကွဲပြားမှုကို တန်ဖိုးမထားရင် ကလေးတွေအားလုံး ပါဝင်လာအောင် လုပ်ဆောင်မှာမဟုတ်ဘူး။ ဒါကြောင့် ဆရာ၊မဖြစ်လာရင် ကလေးတွေ အကြောင်း၊ သင်ကြားနေတဲ့ ဘာသာရပ်အကြောင်း၊ သင်ကြားနည်းစနစ်တွေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေကို သိအောင် လေ့လာထားဖို့လိုတယ်။
မှန်ကန်တဲ့တွေးခေါ်မှု၊ မျှတတဲ့ တန်ဖိုးထားမှုတွေရှိဖို့ ဝေဖန်ပိုင်းခြားစဉ်းစားတာ၊ အသိမြင်တွေတိုးပွါးအောင် လုပ်တာ၊ မတူညီတဲ့ အသံတေါကို နားထောင်ပေးတာ စတာတွေကို အမြဲလုပ်နေမှ တနေ့ထပ်တနေ့ ပိုကောင်းမွန်တဲ့ ဆရာ၊မတွေဖြစ်လာမှာ။
ဆရာ၊မတွေကိုယ်တိုင် လူကောင်း၊ လူမွန်၊ လူတော်တွေဖြစ်အောင် ကြိုးစားနေမှ ဆရာ၊မတွေနဲ့အတူ ပညာရေးခရီးစဉ်ကို အတူသွားတဲ့ ကလေးတွေကလည်း လူကောင်း၊လူတော်တွေ ဖြစ်နိုင်မှာ။ ပြောင်းလဲမှုမှာ ဆရာ၊မတွေဟာ အမှန်တကယ် အက္ခရာပါပဲ။
မှန်ကန်သောစိတ်ထား၊ ကောင်းမွန်သောစွမ်းရည်နဲ့ ပြည့်ဝသောဗဟုသုတအတွက် အမြဲကြိုးပမ်းနေသော ဆရာ၊မများကို အစဉ်လေးစားလျက်။
မေတ္တာဖြင့်...
Sayarma-ဆရာမ