16/05/2023
Crd to original writer 👏👏
Play Deficit Disorder (ကစားချို့တဲ့ရောဂါ)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ကစားချို့တဲ့ရောဂါဆိုတာဘာလဲ။
ရှင်းပါတယ် လုံလောက်ပြည့်ဝစွာ မကစားရတဲ့အခါ ဖြစ်တဲ့ရောဂါပေါ့။
ကမ္ဘာကြီးက နည်းပညာအကူအညီနဲ့ တရှိန်ထိုး တိုးတက်ဖွံ့ဖြိုးနေသလို တဖက်မှာလည်း တိုးတက်မှုနဲ့ အပြိုင် ကျဆင်းဆုံးရှုံးမှုတွေလည်း ရှိနေပါတယ်။ ဒီအထဲကမှ ကလေးများအတွက် အရေးကြီးဆုံး ဆုံးရှုံးမှုကတော့ "လွတ်လွတ်လပ်လပ်ပြည့်ပြည့်ဝဝကစားခုန်ပေါက်ခြင်း" ဖြစ်ပါတယ်။
ဘာလို့ ကမ္ဘာတဝှမ်းလုံးက ကေလးေတွ ကစားခြင်း ချို့တဲ့လာကြတာလဲ။
အဓိကကတော့ ဖွံ့ဖြိုးတိုးတက်လာမှု၊မြို့ပြဖြစ်လာခြင်းတွေကြောင့်ပါပဲ။ ကျနော်တို့မြန်မာနိုင်ငံမှာ ၁၉၈၀,၁၉၉၀ ဝန်းကျင်ကာလက ကလေးအများစုမှာ ကောင်းစွာကစားခွင့်၊ပြည့်ဝစွာကစားခွင့် ရခဲ့ကြပါတယ်။ အိမ်ရှေ့က ညောင်ပင်ကြီးမှာ ညဆို သူငယ်ချင်းတွေစုပီး ညောင်ပင်တေစ္ဆ ဝေလေလေ လုပ်လို့ရတယ်။ လမ်းပေါ်မှာ ရစ်လုံးတွေကိုင်ပီး စွန်တွေ တိုက်လို့ရသေးတယ်။ ယောကျာ်းလေး၊မိန်းကလေး တွဲဖက်ကစားလို့ရသေးတယ်။စိန်ပြေးတမ်း၊ တူ့တူပုန်းတမ်း၊ ဇယ်တောက်တမ်း၊ဖန်ခုံတမ်း၊ဒိုးထုတမ်း၊ပစ်တမ်း ၊ ပုံရိုက်တမ်း၊ကြိုးခုန်တမ်း ဒီလို ကစားနည်းစုံနဲ့ကစားေပျာ်ပါးခဲ့ကြတယ်။ အ့တုန်းက ဒီလို ကစားဖို့ နေရာလည်း ရှိသလို အချိန်လည်း ရှိတယ်။
2010နောက်ပိုင်း မွေးဖွားလာတဲ့
ကလေးအများစုမှာ အချိန်လည်း မရှိသလို အချို့အတွက် နေရာလည်း မရှိတော့ဘူး။
အချိန်မရှိတာက ဆိုရှယ်မီဒီယာနဲ့လည်း ဆက်စပ်နေတယ်။ ၂၀၁၀ နောက်ပိုင်းမွေးတဲ့ကလေးအများစု ဟာ ပညာရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေတ်စနစ်နဲ့အညီ ပေါ်လာသမျှ သင်တန်းတွေတက်ကြရတယ်။ တစ်နစ်၊နစ်နစ်သားအရွယ်ကစလို့ မိဘသို့ဆရာ/မ ရဲ့ academic training လုပ်ခြင်းကို ခံကြရတယ်။ Phonics, Mental Maths, Abacus, Right Brain Training, Whole brain training, ဒီလို သင်တန်းပေါင်းစုံကိုတက်ရတဲ့အတွက် ကစားခုန်ပေါက်ရမယ့်အချိန်က နည်းသထက်နည်းလာတယ်။ ပီး You Tube က ဗီဒီယိုတွေပြပီး လေ့ကျင့်ပေးကြတာမို့ ငယ်ငယ်ရွယ်ရွယ်နဲ့ screentime တွေရှိလာတယ်။ ဖုန်းတစ်လုံးနဲ့ ဆိုဖာပေါ်ငြိမ့်နေရတာမို့ အပြင်ထွက်ဖို့ ပန်းခြံသွားဖို့ outdoor activities တခုခုလုပ်ဖို့ မပူဆာတော့ဘူး။ အလှုပ်အရွ အလှုပ်အရှားနည်းလာတယ်။ ဒီတော့ ကစားရမယ့်အချိန်၊အပြင်ထွက်ပီးဟိုကြည့်ဒီကြည့်စူးစမ်းရမယ့်အချိန်မှာ သင်တန်းတက်၊သင်တန်းကပြန်ဖုန်းကြည့်တာနဲ့ သံသရာလည်နေရတယ်။
နောက်တခုကတော့
မြို့ပြဆန်လာခြင်းကြောင့် လူထုနားနေရမယ့်၊ကလေးတွေ ဘေးကင်းစွာ ဆော့ကစားလို့ရမယ့် နေရာ၊ဧရိယာ နည်းလာတယ်၊ကျဉ်းလာတယ်။ ၂၀၁၀ နဲ့ ဒီနောက်ပိုင်းကလေးတွေ ညောင်ပင်တစ္ဆေ ဝေလေလေ လုပ်လို့မရတော့ဘူး။ ထုပ်ဆီးထိုးလို့ ထမင်းရည်ပူလောင်ခွင့်မရတော့ဘူး။ လမ်းတွေက ကား၊ဆိုင်ကယ်ထူထပ်လာတာနဲ့ စိတ်ချစရာ မရှိတော့ဘူး။ "အပြင်ထွက်မဆော့နဲ့ အိမ်ထဲမှာပဲဆော့" ဆိုတဲ့စကားက အခုခေတ် ကလေးတွေကြားနေကျ စကားဖြစ်သွားပီ။ နောက် s*x education ဂယက်ရဲ့နောက်ကွယ် အရင်ကလို ယောကျာ်းလေး၊မိန်းကလေး အတူတူဆော့ရတာ နည်းလာတယ်။ ဒါတွေက ကျနော်တို့ ကလေးလေးတွေ ဘာ့ကြောင့် ကစားချိန်တွေ လျော့ပါးလာရသလဲ၊ ချို့တဲ့လာရသလဲဆိုတဲ့ အကြောင်းတွေဖြစ်ပါတယ်။
ကလေးတစ်ယောက်မှာကစားမှုချို့တဲ့လာရင် ဘာတွေဖြစ်မလဲ။ ကစားချို့တဲ့တာက ရောဂါတခုလိုပဲလား။
သုတေသန တခုအရ ခြောက်သွေ့ပီးအစာရှားပါးတဲ့အရပ်မှာနေရတဲ့ Squirrel Monkey မျောက်ပေါက်တွေဟာ ကစားရမယ့်အချိန်မှာ အစာပဲရှာနေရပါတယ်။ စားဖို့ပဲ လုံးပန်းနေရပါတယ်။ ဒါ့ကြောင့် ဒီ လို squirrel monkey တွေ ကြီးလာတဲ့အခါ အခြားသောမျောက်တွေနဲ့ ကောင်းမွန်သော ဆက့်ဆံမှု၊ဆက်သွယ်မှုတွေ အတော်နည်းလာပီး ထီးတည်းဖြစ်ပါတယ်လို့ ဆိုထားပါတယ်။ NO PLAY, NO GRACE မကစားရင် မရည်မွန်ဘူး(ဆက်ဆံရေးပြေလည်ပြေပြစ်တာ)
ဒီသုတေသနကတော့ တိရစ္ဆာန်တွေဘဝမှာ ကစားခြင်းဟာ ဘယ်ရွေ့ဘယ်မျှ အရေးပါသလဲဆိုတာကို ပြထားတာဖြစ်ပါတယ်။
မတ်ရပ်မျောက်မျိုးနွယ်ဝင်လူသားကလေးငယ်တွေမှာလည်း ကစားခြင်းချို့တဲ့လာရင်
၁။ စိတ်ဓာတ်ကျမယ်
၂။ အလိုက်ပြောင်းလဲဖို့ ခက်မယ်
၃။ ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းနိုင်စွမ်းနည်းမယ်။
၄။ ပေါင်းသင်းဆက်ဆံရေးအားနည်းမယ်။
၅။ တခုခုကို အလွန်အကျွံ့ စွဲလမ်းတာမျိုးဖြစ်မယ်။
ဒီခေတ်က ကလေးတွေကို ဘယ်လိုဘယ်ပုံ ဘယ်အရွယ်ကတည်းက ထရိန်းရမယ်၊ မထရိန်းရင် ကျန်ခဲ့မှာပေါ့ ဆိုတဲ့ ထရိန်းထရိန်း ထရိန်းခေတ်မှာ Goldilocks balance, Goldilocks amount ဆိုတဲ့ မပြင်းလွန်းမပျော့လွန်း၊မတင်းလွန်းမလျော့လွန်း ချိန်ခွင်လျှာမျှအောင်လုပ်ပီး ကလေးကို ကစားခုန်ပေါက်ခိုင်းဖို့ ကစားခွင့်ပေးဖို့ကလည်း ထရိန်းထရိန်းထရိန်းနဲ့ အညီ လိုအပ်နေပါတယ်။ ၂ နစ် ကနေ ၅/၆ နှစ်အတွင်းကို Window of Opportunities လို့ခေါ်ပါတယ်။ ကလေးရဲ့ ကိုယ်၊စိတ်၊ဦးနှောက် ဘက်စုံဖွံ့ဖြိုးဖို့ ပြတင်းပေါက်တွေကို ဖွင့်ပေးဖို့ လိုပါတယ်။ အိမ်ရဲ့ ပြတင်းပေါက်တော့ဖွင့်ပီး သင်တန်းသွားပို့တာမျိုး မဟုတ်ပါဘူး။ ပြတင်းပေါက်၊တံခါးပေါက် ဖွင့်ပီး မိသားစုစုံညီ ပန်းခြံသွားတာ၊ကစားကွင်းသွားတာ၊ လမ်းထဲက ကလေးတွေနဲ့ ကစားခွင့်ပေးတာမျိုးဖြစ်ပါတယ်။ကလေးတစ်ယောက်အတွက် ကစားခြင်းက သင်ယူခြင်းဖြစ်ပါတယ်။ သဘာဝကျကျ ဟန်ချက်ညီညီ သင်ယူနေခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့်
ကစားပါ။
ကစားခွင့်ပေးပါ။
ကစားချိန်ပေးပါ။
ကစားဖို့နေရာစဉ်းစားဖန်တီးပေးပါ။
မကစားရတဲ့ကလေးက ကလေးမဟုတ်တဲ့ကလေးပါ။
ကစားခြင်းက ဒီခေတ်မှာ ကျနော်တို့ တဖွဖွပြောရမယ့် အကြောင်းအရာပါ 🤗