22/07/2021
**ပျော်စေချင်တယ် မြန်မာပြည်**
ကျုပ်တို့ပြည်သူတွေ မပျော်နိုင်ကြဘူး။ မရယ်နိုင်ကြတော့ဘူး။ အပျော်အပါးနဲ့ ပွဲလန်းသဘင် သိပ်မက်ကြတဲ့ ကျုပ်တို့ လူမျိုးတွေက မြန်မာ့ ၁၂ လရာသီကိုကြည့် ပွဲမရှိတဲ့ လ မရှိဘူး။ ခုတော့ ပြုံးဖို့တောင် အနိုင်နိုင်ပါပဲ။
ကိုယ့်နိုင်ငံကို ချစ်ကြတဲ့ သူတွေက အစားတလုတ်စားဖို့တောင် တခြားသူတွေ စားစရာမရှိကြဘူးလို့တွေးမိရင် လိပ်ပြာမလုံကြတော့ဘူး။
နေ့မြင်ညပျောက် လောကကြီးမှာ သေခြင်းတရားက ဘေးနားလေးတင်ဆိုတာကြီးကလည်း တရားမလေ့လာပဲနဲ့ တရားအသိကိုရတယ်။
ဒီတော့ ကျုပ်တို့တွေ ကျုပ်တို့ဘေးက မိသားစုတွေရော၊ ချစ်ခင်သူတွေကိုပါ ပိုချစ်ပေးကြပါ။ အဝေးရောက်နေလည်း နေ့စဉ်ဖုန်းတခါလောက် ခေါ်ပေးပါ။ ချစ်တဲ့သူကိုလည်း ချစ်ကြောင်း ပြောလိုက်ပါ။ လုပ်ချင်တာရှိပြီး စျေးကြီးလို့ ငွေချွေတာနေရင်လည်း လုပ်လိုက်ပါတော့။
အရာရာတိုင်းဟာ နောက်ဆုံးအကြိမ်ဖြစ်သွားနိုင်လို့ပါ။
လောကကြီးမှာ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်မိသားစုတွေ၊ ဒါမှမဟုတ် ကိုယ့်ကိုချစ်တဲ့ ဂရုစိုက်တဲ့ လူတွေရှိနေသေးတယ်ဆိုတဲ့ အသိတခုကတင် တော်တော်အဖိုးတန်တဲ့ အားဆေးတခွက်ပါ။
ဒီစာဖတ်ပြီးရင် မဆက်ဖြစ်တာကြာနေတဲ့ အိမ်ကိုဖုန်းခေါ်ပါ။ ချစ်တဲ့ သူဆီ ဖုန်းဆက်ပါ။ ဂရုစိုက်ကြောင်း သတိရကြောင်း ချစ်ကြောင်းပြောပေးပါ။
အနည်းဆုံးတော့ မိနစ် အနည်းငယ်လောက်တော့ ပျော်ဖို့၊ ပြုံးမိဖို့တော့ ကျုပ်တို့ပြည်သူတွေ ထိုက်တန်ပါတယ်။
ချစ်ခြင်းများစွာဖြင့်...
သစ္စာရေဆေးဆီလိုက် မိသားစု