02/06/2026
စမ်းသပ်မှုအသစ်အရ ပန်ကရိယကင်ဆာဝေဒနာရှင်များ၏ အသက်ရှင်နိုင်ခြေသက်တမ်းကို နှစ်ဆနီးပါး တိုးမြှင့်ပေးနိုင်သည့် နေ့စဉ်သောက်ဆေးသစ်တစ်မျိုး ပေါ်ထွက်လာ
ကင်ဆာရောဂါများထဲတွင် အဆိုးရွားဆုံးနှင့် ကုသရန် အခက်ခဲဆုံးဖြစ်သည့် ပန်ကရိယကင်ဆာ (Pancreatic cancer) ဝေဒနာရှင်များအတွက် ဆေးပညာလောကကို တစ်ဆစ်ချိုး ပြောင်းလဲပစ်နိုင်မည့် (Landscape-changing) အလားအလာရှိသော နေ့စဉ်သောက်ဆေးတစ်မျိုးကို သိပ္ပံပညာရှင်များက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါ ဆေးဝါးအသစ်ကို Daraxonrasib ဟု အမည်ပေးထားပြီး၊ ၎င်းသည် သမားရိုးကျ ဓာတုကုထုံး (Chemotherapy) နှင့် နှိုင်းယှဉ်ပါက ဘေးထွက်ဆိုးကျိုး ပိုမိုနည်းပါးသည့်အပြင် လူနာများ၏ အသက်ရှင်နိုင်စွမ်း သက်တမ်းကိုလည်း နှစ်ဆနီးပါးအထိ တိုးမြှင့်ပေးနိုင်ကြောင်း နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှု (Phase 3 Trial) ရလဒ်များအရ သိရသည်။
စမ်းသပ်မှုမှ ထွက်ပေါ်လာသည့် အားရစရာ ရလဒ်များ
ကမ္ဘာ့တစ်လွှားရှိ ပန်ကရိယကင်ဆာ အဆင့်မြင့် (အခြားအင်္ဂါများသို့ ပျံ့နှံ့သွားသည့် အဆင့်) လူနာ ၅၀၀ ကို အုပ်စုနှစ်စုခွဲ၍ စမ်းသပ်ခဲ့ရာတွင် အောက်ပါအတိုင်း ထူးခြားသော ရလဒ်များ ထွက်ပေါ်လာခဲ့သည်။
ရှင်သန်နိုင်ခြေသက်တမ်း နှစ်ဆတိုးလာခြင်း: ဓာတုကုထုံးဖြင့် ကုသသော လူနာများ၏ ပျမ်းမျှအသက်ရှင်နိုင်ခြေ သက်တမ်းမှာ ၆.၇ လသာ ရှိသော်လည်း၊ Daraxonrasib ဆေးသောက်ရသည့် လူနာများမှာမူ ပျမ်းမျှ ၁၃.၂ လ (နှစ်ဆနီးပါး) အထိ အသက်ဆက်နိုင်ခဲ့ကြသည်။
ရောဂါမဆိုးရွားအောင် ထိန်းထားနိုင်ခြင်း: ကင်ဆာဆဲလ်များ ထပ်မံမပြန့်ပွားဘဲ အခြေအနေ ငြိမ်သက်နေသည့် သက်တမ်း (Progression-free survival) မှာလည်း ဓာတုကုထုံးအုပ်စုတွင် ၃.၆ လသာ ရှိသော်လည်း၊ ဆေးသစ်သောက်သုံးသည့် အုပ်စုတွင် ၇.၂ လ အထိ ကြာမြင့်ခဲ့သည်။
ဘေးထွက်ဆိုးကျိုး နည်းပါးခြင်း: ပြင်းထန်သော ဘေးထွက်ဆိုးကျိုး ခံစားရမှုနှုန်းမှာ ဓာတုကုထုံးခံယူသူများတွင် ၅၇.၅% အထိ ရှိသော်လည်း ဆေးသစ်သောက်သူများတွင် ၄၃.၆% သာ ရှိသည်။ ထို့အပြင် ဘေးထွက်ဆိုးကျိုးကြောင့် ဆေးရပ်လိုက်ရသည့် လူနာနှုန်းမှာလည်း ၁.၂% မျှသာ ရှိသဖြင့် လူနာများ ပိုမိုခံနိုင်ရည်ရှိကြောင်း တွေ့ရသည်။
ကင်ဆာဆဲလ်များ၏ "အချက်ပြစနစ်" ကို ပိတ်ဆို့သည့် နည်းပညာ
ပန်ကရိယကင်ဆာကျိတ်များ၏ ၉၀ ရာခိုင်နှုန်းကျော်တွင် KRAS (သို့မဟုတ် RAS) ဟုခေါ်သော မျိုးဗီဇဗီဇပြောင်းလဲမှု (Mutation) ရှိနေတတ်ပြီး၊ ၎င်းဗီဇက ကင်ဆာဆဲလ်များကို အလျင်အမြန် ကြီးထွားပြန့်ပွားစေရန် အဆက်မပြတ် အချက်ပြနေလေ့ရှိသည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဤလမ်းကြောင်းကို ဆေးဝါးဖြင့် ပိတ်ဆို့ရန် မဖြစ်နိုင်ဟု ယူဆခဲ့ကြသော်လည်း ယခု Daraxonrasib ဆေးသည် အဆိုပါ ဗီဇပြောင်းလဲနေသော KRAS လမ်းကြောင်းကို သွားရောက်ပိတ်ဆို့ (Molecular glue အဖြစ် လုပ်ဆောင်) လိုက်ခြင်းဖြင့် ကင်ဆာကျိတ်များ ဆက်လက်မပြန့်ပွားအောင် တားဆီးပေးခြင်း ဖြစ်သည်။
အမေရိကန် အာရီဇိုးနား ကင်ဆာစင်တာမှ ကင်ဆာရောဂါဆိုင်ရာ ပါမောက္ခ ဒေါက်တာ ရာခ်ျနာ ရှရော့ဖ် (Rachna Shroff) က အဆိုပါ ရလဒ်အပေါ် ယခုလို မှတ်ချက်ပြုခဲ့သည်။
"ဒီရလဒ်တွေဟာ အခြားအင်္ဂါတွေကို ပြန့်နှံ့သွားတဲ့ ပန်ကရိယကင်ဆာဝေဒနာရှင်တွေအတွက်တော့ ကုသမှုအခင်းအကျင်းတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်နိုင်တဲ့ (Landscape-changing) အခြေအနေပါပဲ။ ပထမအဆင့် ကုသမှုတွေ မအောင်မြင်တော့တဲ့ လူနာတွေဆီမှာ အခုလိုမျိုး မကြုံစဖူး ထူးခြားတဲ့ ရှင်သန်မှုနှုန်းနဲ့ ထိရောက်မှုကို မြင်တွေ့ရတာ ဖြစ်ပါတယ်။ ဒါဟာ KRAS ဗီဇကို ပစ်မှတ်ထားကုသလို့ ရနိုင်ပြီဆိုတဲ့ လက်တွေ့ပြကွက်တစ်ခုပါပဲ။"
ရှေ့ဆက်မည့် အစီအစဉ်
ဤဆေးဝါးကို ထုတ်လုပ်သည့် Revolution Medicines ကုမ္ပဏီသည် ရရှိထားသော အောင်မြင်မှု အချက်အလက်များကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ထံသို့ တင်ပြကာ ဆေးဝါးအတည်ပြုချက် ရရှိရန် ဆက်လက်လုပ်ဆောင်နေပြီ ဖြစ်သည်။
ထို့အပြင် လက်ရှိတွင် FDA က အချို့သော သတ်မှတ်ချက်ပြည့်မီသည့် လူနာများအတွက် ဆေးဝါးစောစီးစွာ သုံးစွဲခွင့် အစီအစဉ် (Expanded Access Program) ကိုလည်း စတင်ခွင့်ပြုပေးထားပြီဖြစ်ရာ၊ မကြာမီအချိန်အတွင်း ပန်ကရိယကင်ဆာဝေဒနာရှင်များအတွက် စံပြကုထုံးအသစ်တစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။
. #ကျန်းမာရေး