07/08/2023
'' လူကြီးလူကောင်း ''
မနက်ပိုင်း လူကျတဲ့အချိန်ဖြစ်သည်။
လက်ဖက်ရည်ဆိုင်ရဲ့
ထောင့်စွန်းဝိုင်းလေးမှာထိုင်ကာ
လက်ဖက်ရည်တခွက် မှာလိုက်တယ်။
ခဏကြာတော့
ဆိုင်ဝန်ထမ်းညီလေးက
မှာထားတဲ့ လက်ဖက်ရည်တခွက်ကို လာချပေးရင်း
ရုတ်တရက် လက်ချော်လွတ်ကျပြီး
လက်ဖက်ရည်ခွက်က ကွဲသွားတယ်ဗျ။
ဆိုင်ထဲမှာ စားသုံးနေတဲ့လူတွေအားလုံးရဲ့
မျက်လုံးတွေဟာ
ဝန်ထမ်းကောင်လေးဆီ ရောက်လာကြတယ်။
ဝန်ထမ်းကောင်လေးက
ကြောက်ကြောက်ရှက်ရှက် မျက်နှာဖြစ်နေတယ်။
ဆိုင်ရှင်ရဲ့သားဖြစ်သူက
ဒီကောင်ကွာ သေချာမလုပ်ဘူးဆိုပြီး
ငေါက်မယ်လုပ်တုန်း။
အဖေဖြစ်သူက သားဖြစ်သူကို
ဆက်မပြောဖို့ လက်ကာပြရင်း
နောက်တခွက်ယူခဲ့သားရေ ဆိုပြီး
ဝန်ထမ်းကောင်လေးကို ပြုံးပြီးပြောလိုက်တယ်။
ဝန်ထမ်းကောင်လေးဟာ
နောက်ထပ် လက်ဖက်ရည်တခွက်ကို
ဂရုတစိုက်ယူလာရင်း လမ်းတဝက်မှာ
ထပ်ပြီးလွတ်ကျကာ ကွဲပြန်တယ်။
ကောင်လေးက ဒီတခါတော့ အငေါက်ခံရမှာ
သေချာသွားပြီးဆိုတဲ့အတွေးနဲ့
မျက်နှာလေးညှိုးငယ်နေရှာတယ်။
ဆိုင်ရှင်ရဲ့သားက ဝန်ထမ်းကောင်လေးက်ို
ငေါက်ဖို့ ဟန်ပြင်တုန်း
အဖေဖြစ်သူက သားဖြစ်သူကို
လက်ကာပြပြီး တားပြန်တယ်။
ကွဲသွားတာ ဘယ်တတ်နိုင်မလဲ သားရ
နောက်တခွက် ထပ်ယူခဲ့ပေါ့ဆိုပြီး
ဆိုင်ရှင်ဦးလေးက ပြောလိုက်တယ်။
ဒီတခါတော့ ဆိုင်ထဲကစားသုံးသူတွေဟာ
ဝန်ထမ်းကောင်လေးထက် ဆိုင်ရှင်ဦးလေးကြီးကို
ပိုပြီး စိတ်ဝင်စားနေကြတယ်ဗျ။
ထိုစဥ် ဝန်ထမ်းကောင်လေးက
လက်ဖက်ရည်နောက်တခွက် ထပ်ချပေးတယ်။
ဒီတခါတော့ လွတ်မကျတော့ဘူး
အေးအေးဆေးဆေးပဲ။
ဒါပေမဲ့ ကောင်လေးမျက်နှာလေးက
သိပ်တော့ မကောင်းရှာဘူး။
ဆိုင်ရှင်ဦးလေးကြီးက
ဝန်ထမ်းကောင်လေးပုခုံးကို ဖက်ပြီးတော့
စိတ်ထဲသိပ်မထားပါနဲ့ သားရ။
ဒါသင်ခန်းစာပဲကွ။
"လူ့ဘဝမှာလည်း ဒီလိုပဲ
တခါတလေ မထင်မှတ်ပဲ မှားတတ်ကြတယ်။
တခါတလေ မှားမှာကြောက်လို့
ဂရုစိုက်နေရင်းကြားက
အမှားလုပ်မိသွားတာလည်းရှိတယ်။
အရေးကြီးဆုံးက ရည်ရွယ်ချက်ရှိရှိနဲ့
အမှားမလုပ်မိဖို့ပဲ။ '' လို့ပြောပြီး
ကောင်လေးကို လုပ်စရာရှိတာလုပ်ဖို့
စိတ်ထဲဘာမှမထားဖို့ ပြောပြီး
ကောင်လေးကို သွားခိုင်းလိုက်တယ်။
ခဏနေတော့ ဆိုင်ရှင်ဦးလေးကြီးက
သူ့သားကိုခေါ်ပြီး စကားပြောတယ်။
မနက်ကတည်းက ဝန်ထမ်းကောင်လေးဟာ
မနားတမ်း အလုပ်လုပ်နေရတာ
သူလည်း ပင်ပန်းနေရောပေါ့။
ကိုယ့်ဆိုင်ရဲ့ဝန်ထမ်းဟာ
ကိုယ့်မိသားစုပဲ။
တခုခုဖြစ်ရင် အဖေတို့က
ကိုယ့်ဝန်ထမ်းဘက်က ကာကွယ်ပေးရမယ်။
မနက်ကတည်းက
သူကောင်းကောင်း အလုပ်လုပ်နေတာ
ဒီတခါပဲ မှားတာပါ။
လူတွေဟာ မွေးရာပါ
အဆိုးမြင်စိတ်ရှိကြတယ် ငါ့သားရ။
လက်ခုပ်တီးဖို့ထက်
လက်ညှိုးထိုးဖို့ ပိုပြီးစိတ်အားထက်သန်ကြတယ်။
လူတွေဟာ
အကောင်းတွေအများကြီးကြားက
အဆိုးတွေကို ရွေးပြီးမြင်တတ်ကြပေမဲ့
အဆိုးတွေကြားက
အကောင်းတွေကိုတော့
မသိချင်ယောင်ဆောင်နေတတ်ကြတယ်။
အဆိုးတွေအများကြီးကြားက
အကောင်းကို ရွေးပြီးမြင်တတ်အောင်
ကြိုးစားပါ။
ကောင်းမွန်တဲ့လုပ်ရပ်တွေအတွက်
လက်ခုပ်တီးဖို့ ဝန်မလေးပါနဲ့သားရေ ဆိုပြီး
အဖေဖြစ်သူက သားဖြစ်သူကို ဆုံးမစကားပြောနေတယ်။
ဒီအဖြစ်အပျက်တွေကိုကြည့်ရင်း
အေးနေတဲ့ ကျနော်ရှေ့က လက်ဖက်ရည်ခွက်ကို
တကျိုက်တည်း အပြီးမော့လိုက်တယ်။
လက်ဖက်ရည်ရဲ့အရသာက
လူကြီးလူကောင်း ဆန်လိုက်တာဗျာ။
Credit
#သတင်းပေါင်းစုံ