16/10/2024
သီတင်းကျွတ် လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့
***************************************************
သီတင်းကျွတ် လပြည့်နေ့ကို နေ့ထူး၊ နေ့မြတ် အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ်ကြသည်။
ထိုနေ့တွင် မြို့တိုင်း၊ နယ်တိုင်း တို့၌ ဆီမီးများ ထွန်းညှိကာ မြတ်စွာဘုရားရှင်အား ပူဇော်ကြ၏။
ထိုအစဉ်အလာကား မြတ်စွာဘုရားရှင် တာဝတိံသာ နတ်ပြည်မှ မယ်တော် မိနတ်သားအား ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာမြတ်ဒေသနာတော်ကို ဟောကြားတော်မူပြီး သင်္ကဿသနဂိုရ်ပြည်၊ မင်္ဂလာ တောင်တံခါးသို့ ဆင်းသက်တော်မူရာ အခါ၌ နတ်၊ ဗြဟ္မာ၊ လူ အပေါင်းတို့မှ ကြိုဆိုခဲ့သည့် အစဉ်အလာကို ဆက်လက်၊ ထိန်းသိမ်းကာဖြင့် ယနေ့အခါတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့် ပူဇော်ခြင်း ဖြစ်ပါသည်။
ဘိုး၊ ဘွား၊ မိဘ၊ ဆရာသမားများအား ကာယကံ၊ ဝစီကံ၊ မနောကံ များဖြင့် ပြစ်မှားမိခဲ့သည် ရှိသော် အပြစ်ခပ်သိမ်း ပပျောက်ငြိမ်းဖို့ ကန်တော့ကြသည့် မိဘ၊ ဆရာ ပူဇော်ပွဲများ
ဝါတွင်းသုံးလ ဝါဆို၊ ဝါကပ်တော်မူကြသည့် သံဃာတော်များ ဝါကျွတ်သည့်အခါ အပြစ်ရှိက အချင်းချင်း တောင်းပန် ပြောကြားကြသော ပဝါရဏာနေ့ အခမ်းအနားများ
မီးထွန်းပွဲ အခမ်းအနားများ စသည်ဖြင့် ကြည်ညိုဖွယ်ရာများစွာတို့ဖြင့် ပြည့်နှက်နေ့သည့် ဗုဒ္ဓ ဘာသာဝင်တို့၏ နေထူးနေ့မြတ်ပင် ဖြစ်ပါသည်။
မဟာသက္ကရာဇ် (၁ဝ၉)ခုနှစ်၊ ဝါဆိုလပြည့် သာဝတ္ထိပြည်၊ ကောသလမင်းကြီး၏ ကဏ္ဍ ဥယျာဉ်မှူး မြတ်စွာဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗ သရက်ဖြူပင်အနီးမှာ တိတ္ထိတို့ကို နှိမ်နှင်းတော်မူရန် ရေ၊ မီး အစုံစုံ တန်ခိုးပြာဋိဟာကို ပြတော် မူသည်။
ဤသို့ ယမိုက်(ရေ၊ မီး အစုံ) ပြာဋိဟာကို ပြတော်မူပြီး၍
ဝါဆိုလပြည့် ညနေဆည်းဆာချိန်တွင် ရှေးမြတ်စွာဘုရားရှင်တို့ နည်းတူ တာဝတိံသာနတ်ပြည်၌ ဝါကပ်တော်မူ၍ မယ်တော် မိနတ်သားအား အဘိဓမ္မာတရား ဟောကြားတော်မူရန် တာဝတိံသာနတ်ပြည်သို့ ခြေနှစ်လှမ်း(သုံးဖဝါး)ဖြင့် ကြွသွားတော် မူ၏။
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဝါကပ် သီတင်းသုံးရန် ပယ်လယ်ကသစ်ပင်ရင်းရှိ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်၌ သီတင်းသုံးတော် မူ၏။
ဤသို့ တာဝတိံသာ နတ်ပြည်သို့ မြတ်စွာဘုရားရှင် ကြွတော်မူလျှင် လူ့ပြည်၌ တန်ခိုးပြာဋိဟာကို ပြပွဲသို့ စုဝေးရောက်ရှိ လာကြကုန်သော လူအပေါင်းတို့က ကောင်းကင်သို့ မျှော်ကြည့်၍ ဘုရားရှင် အဘယ်သို့ ကြွတော် မူပါသနည်းဟု မေးလျှောက်သဖြင့်
ဒိဗ္ဗစက္ခုဧတဒဂ်ရ အရှငျအနုရုဒ်ဓါမထရျေက
ဘုရားရှင်သည် တာဝတိံသာနတ်ပြည်ဝယ် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်၌ ဝါကပ်တော်မူလျှင် မယ်တော် မိနတ်သား အမှူးပြုသော နတ်ဗြဟ္မာ အပေါင်းအား အဘိဓမ္မာတရားကို ဟောကြားရန် တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူ၏ ဟု ဖြေကြား၏။
လူတို့သည် မြတ်စွာဘုရားရှင်ကို မဖူးမြင် ရသမျှ ဤအရပ်မှ မပြန်အံ့ ဟု ကြံပြီးလျှင် သာဝတ္ထိပြည် အနီးဝယ် အသီးသီး သစ်ခက် တဲမဏ္ဍပ်ကို ပြု၍ နေကြကုန်၏။
မြတ်စွာဘုရားရှင်သည် ရှေးဦးကပင်လျှင် အရှင်မောဂ္ဂလာန်အား သင် ချစ်သားသည် ဤ ပရိတ်သတ်အား တရားဟောရစ် ရမည်ဟု မိန့်တော်မူခဲ့ပြီး ဖြစ်၏။
မြတ်စွာဘုရားရှင်သည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာပေါ်၌ (၇)ဝါမြောက် ဝါကပ်တော်မူ၍ ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော် မူခဲ့၏။
တစ်ဖန် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းကို ဟောတော် မူ၏။
အရှင်သာရိပုတ္တရာမှလည်း မိမိ၏ တပည့် ရဟန်းငါးရာ
အား မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာ အကျဉ်းကို မိမိဉာဏ်ဖြင့် ချဲ့ကာ မကျဉ်းမကျယ်၊ အလယ်အလတ် အားဖြင့် ပြန်လည် ဟောကြားတော် မူပါသည်။
မြတ်စွာဘုရားရှင် တာဝတိံသာ၌ အဘိဓမ္မာတရား ဟောကြားခြင်း ပြီးဆုံးသည်နှင့် တပြိုင်နက် အရှင်သာရိပုတ္တရာက တပည့် ရဟန်းငါးရာကို အဘိဓမ္မာတရား သင်ပြပို့ချပေးမှုလည်း ပြီးဆုံး လေတော့၏။
ထိုနေ့သည်ကား သီတင်းကျွတ် လပြည့်နေ့ ပင်တည်း။
အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော် မူပြီးသော် သိကြားမင်းအား မြတ်စွာဘုရားရှင်က သင် သိကြားမင်း၏ နတ်ပြည်၌ ငါဘုရား ပြုဖွယ်ကိစ္စကို ပြုပြီးပြီ။
လူ့ပြည်ရှိ သင်္ကဿနဂိုရ်ပြည်သို့ ငါဘုရား ဆင်းသက်တော် မူအံ့ဟု မိန့်တော်မူ၏။
သီတင်းကျွတ်လဆန်း (၈)ရက်နေ့တွင် အရှင်မောဂ္ဂလာန်
မှ တာဝတိံသာနတ်ပြည်သို့ တက်တော်မူပြီး မြတ်စွာဘုရားရှင် အဘယ်အရပ်၌ ဆင်းသက်မည်နည်း ဟု မေးလျှောက်သဖြင့်
မြတ်စွာဘုရားရှင်က
ချစ်သား၊ သင်၏ နောင်တော်ကြီး သာရိပုတ္တရာ ဝါကပ်ရာ
သင်္ကဿနဂိုရ်ပြည် တောင်တံခါး၌ သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာနေ့တွင် ဆင်းသက်တော် မူမည်ဟု မိန့်တော်မူပါတယ်။
လူအပေါင်းတို့ဟာ ထိုအကြောင်းကို အရှင်မောဂ္ဂလာန်မှ
တဆင့် ကြားသိရသဖြင့် သီတင်းကျွတ်လဆန်း (၉)ရက်နေ့၌ပင် သင်္ကဿသနဂိုရ်ပြည် တောင်တံခါးသို့ ရှေးရှု သွားကြကုန်၏။
သီတင်းကျွတ် လပြည့်နေ့ ရောက်သော် သိကြားမင်းသည် တာဝတိံသာနတ်ပြည်၊ သုဒဿနမြို့မှသည် သင်္ကဿနဂိုရ်ပြည်၊ တောင်တံခါးဝထိ ငွေ စောင်းတန်း၊ ရွှေ စောင်းတန်း၊ ပတ္တမြား စောင်းတန်း ဟူသော စောင်းတန်း၊ လှေကား သုံးသွယ်ကို တင့်တယ်စွာ စီရင်၏။
မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော် ခြောက်သွယ်
တပြိုင်နက် ထွန်းလင်းစေလျက် အတုမရှိသော အသရေတော်ကို ပြတော်မူ၍ ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်၊ ကြွတော် မူပါတယ်။
ဘုရားရှင်အား ဗြဟ္မာကြီး တို့က ရွှေထီး၊ ငွေထီး၊ သန္တာ ထီး တို့ဖြင့် အသီးသီး မိုးလျှက် လက်ျာဘက်ရှိ ရွှေ စောင်းတန်းဖြင့်
သိကြားမင်း အမှူးရှိသော နတ်အပေါင်းတို့မှ ရွှေ တံခွန်၊ ငွေ တံခွန်၊ ပုလဲ တံခွန်တို့ကို ကိုင်လျှက် မြတ်စွာဘုရားရှင်အား ပူဇော်ကာ လက်ဝဲဘက်ရှိ ငွေစောင်းတန်းဖြင့် ဆင်းသက် လာကုန်၏။
ဤသို့ အတုမရှိသော
မြတ်စွာဘုရားရှင်၏ အသရေတော်ကို ဖူးမြင်ရသော လူ ပရိတ်သတ် အပေါင်းတို့သည် အားရဝမ်းသာဖြစ်၍ ဘုရားအဖြစ်ကို မတောင်းတသူ တစ်ဦးမျှပင် မရှိပေ။
အရှင်သာရိပုတ္တရာက တပည့်ရဟန်းငါးရာ နှင့်တကွ မြတ်စွာဘုရားရှင်၏ ခြေတော်စုံ၌ ဦးခိုက် ရှိခိုးကြ၏။
အရှင်သာရိပုတ္တရာက
မြတ်စွာဘုရား၊ ယနေ့ ခပ်သိမ်းသော လူ၊ နတ်၊ ဗြဟ္မာ တို့သည် အတုမရှိသော မြတ်စွာဘုရားရှင်၏ အသရေတော်ကို ဖူးမြင် ကြရ၍ လွန်စွာ မြတ်နိုးကြကုန်လျက် ဘုရားဆုကို တောင့်တ ကြကုန်၏။
မြတ်စွာဘုရားရှင်က
အရှင်သာရိပုတ္တရာအား ချစ်သား၊ ကိလေသာမီးတို့၏ ငြိမ်းရာ အေးမြသည့် နိဗ္ဗာန်ချမ်းသာ၌ မွေ့လျော်ကြကုန်သော သဗ္ဗညုတ ဘုရားရှင်တို့အား လူ၊ နတ်၊ ဗြဟ္မာ အပေါင်းတို့က ဤသို့ ချစ်မြတ်နိုး ကြကုန်သည် သာတည်း ဟု မေးကာ၊ ဖြေကာ ဖြင့် တရားတော်ကို ဟောကြားတော် မူခဲ့ပါတယ်။
ထို တရားတော်ကို နာကြား ကြရ၍ အရှင်သာရိပုတ္တရာ၏
တပည့်ငါးရာသည် ရဟန္တာအဖြစ်သို့ ရောက်တော် မူခဲ့ပါတယ်။
ထိုနေ့သည်ကား သီတင်းကျွတ် လပြည့်နေ့ ပေတည်း။
အချုပ်အားဖြင့်
သီတင်းကျွတ် လပြည့်နေ့ကို မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော် သန္တုဿိတ နတ်သား အမှူးရှိသော နတ်၊ ဗြဟ္မာ အပေါင်းတို့အား အဘိဓမ္မာတရား ဟောကြားတော် မူပြီးခဲ့သည့် နေ့။
အရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားအကျဉ်းကို ဟောကြားတော် မူပြီးခဲ့သည့် နေ့။
အရှင်သာရိပုတ္တရာမှ တပည့်ရဟန်းငါးရာအား မကျဉ်း၊ မကျယ် အဘိဓမ္မာ တရားကို ဟောတော် မူပြီးခဲ့သည့် နေ့။
အဘိဓမ္မာ ဒေသနာတော် ဟောတော်မူပြီးနောက် တာဝတိံသာ နတ်ပြည်မှ သင်္ကဿသနဂိုရ်ပြည်သို့ ဆင်းသက်တော် မူခဲ့သည့် နေ့။
ဝါဆို၊ ဝါကပ် တော်မူကြသော သံဃာတော်များ အပြစ်ရှိက အချင်းချင်း ပြောကြား ကြရသော ပဝါရဏာနေ့။
မြတ်စွာဘုရားရှင် သင်္ကဿသနဂိုရ်ပြည်သို့ ဆင်းသက်တော် မူရာအခါ၌ ကြိုဆို ပူဇော်ကြသော နတ်၊ ဗြဟ္မာနှင့် လူအပေါင်းတို့ ဘုရားဆု ပန်ကြသော နေ့များသည် သီတင်းကျွတ် လပြည့်နေ့ ဖြစ်ခြင်း စသည်ဖြင့်
နေ့ထူး၊ နေ့မြတ်ပေါင်း များစွာမှ ရှေးဘုရားရှင်တို့၏ ထုံးစံအတိုင်း မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားအား ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားတော် မူပြီးသည့် နေ့ကို အဘိဓမ္မာ အခါတော်နေ့ ဟု မှတ်တမ်းတင်တော် မူခဲ့ခြင်း ဖြစ်ပါတော့သည်။
မူရင်း-Credit
#ဦးမြင့်ခိုင် &