17/09/2022
သား ၃နှစ်အရွယ်ခံစားချက်တွေပေါ့။ မိခင်ဖြစ်ရတာ ကျမကံကောင်းတယ်လို့ ခံစားရတယ် ... ဘာလို့လဲဆိုရင် ကျမအမေတစ်ယောက်အနေနဲ့ ပိုပြီးမျက်စိပွင့်နားပွင့်လာခဲ့တယ်။ ကလေးလေးတစ်ယောက် ဗိုက်ထဲကထွက်လာတဲ့အချိန်ကစပြီး သမားရိုးကျ ပြုစုရုံနဲ့မလုံလောက်ဘူးဆိုတာ သူလေးမွေးပြီးမှ ပိုသိလာတယ်။ အမေတစ်ယောက်အနေနဲ့လည်း အမှားတွေကြားကနေ အခုထိစမ်းတဝါးဝါး လေ့လာနေဆဲပါ...
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တာရဲ့နောက်ကွယ်မှာ အစားအသောက်၊ အဝတ်အထည်၊ နေစရာထက်အများကြီးပိုတဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှုတွေလိုအပ်တယ်။ "အူဝဲ" ဆိုတဲ့ ငိုသံလေးက မိခင်ကပွေ့ဖက်လိုက်တဲ့ လုံခြုံမှုကို လိုအပ်နေတဲ့ အချက်ပေးသံလေးဆိုတာ စိတ်ပိုင်းဆိုင်ရာအရ ကျမပိုနားလည်လာတယ်။ ကျမတို့ကို တစ်ချိန်လုံး "မေမေ မေမေ" တမ်းတနေတာ၊ လိုက်ဆွဲနေတာ စိတ်အနှောက်အယှက်ဖြစ်ရပေမဲ့ ဒါဟာ ကိုယ်ကသူတို့လေးတွေရဲ့ လုံခြုံနွေးထွေးမှုကိုပေးနိုင်တဲ့ ရင်ခွင်ဆိုတာ ပြနေတယ်။
သားလေးမွေးစကနေ အသက်တစ်ဖြည်းဖြည်းကြီးလာတဲ့အထိ သူ့ရဲ့ကိုယ်လက်အင်္ဂါလေးတွေ ကောင်းမွန်စွာ ဖွံ့ဖြိုးဖို့ လွတ်လွတ်လပ်လပ်ဆော့ခိုင်းရမယ်၊ အလွန်အကျူး ပိုးမွေးသလိုလုပ်လို့မရဘူးဆိုတာ သိနားလည်လာတာနဲ့ ဆော့ကစားတာကို ကျမအရမ်းအားပေးခဲ့တယ်။ ဒါတောင်ကစားစရာပစ္စည်းတွေက တစ်ခါဆော့ပြီး ပျင်းတတ်ကြတဲ့အရွယ်တွေမို့ အမြဲဝယ်မပေးခဲ့ဘူး။ အိမ်မှာရှိတဲ့ ပစ္စည်းတွေ၊ အပြင်လောက သဘာဝပတ်ဝန်းကျင်ကအရာတွေက သူတို့ရဲ့စူးစမ်းချင်စိတ်လေးတွေကို ပိုတွန်းအားပေးလို့ ဒီအရာတွေနဲ့ပိုရင်းနှီးစေခဲ့တယ်။
ကလေးတစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့စိတ်နေသဘောထား temperament, အပြုအမူ behavior လေးတွေကို တန်ဖိုးထားပြီး မှန်ကန်တဲ့လမ်းကြောင်းပေးရမယ်ဆိုတာ မိခင်ဖြစ်ပြီးမှပိုနားလည်လာတယ်။ အရင်ကသူများကလေးရဲ့ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေ၊ social ကောင်းတာလေးတွေ စသဖြင့်တစ်ခြားကလေးတွေရဲ့ ကောင်းတဲ့အရာမှန်သမျှကို ကိုယ့်ကလေးရဲ့ ကိုယ်ပေါ်မှာစုပြီး မြင်ချင်ခဲ့တယ်။ ကိုယ့်ကလေးရဲ့ ထူးခြားတဲ့အပြုအမူလေးတွေကိုတော့ မမြင်နိုင်ပဲ မေ့လျော့နေခဲ့မိတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ကလေးရဲ့ မတူညီတဲ့ ချဉ်းကပ်ပုံလေးတွေ၊ စိတ်နေသဘောထားလေးတွေကို ကိုယ်တိုင် connect လုပ်ပြီး ချိတ်ဆက်လေလေ ကလေးနဲ့ကြားက ရင်းနှီးမှုပိုခိုင်မာလေလေဆိုတာ နားလည်လာတယ်။
သားကို ဘယ်တော့မှ judge မလုပ်ခဲ့တာကို အခုထိအကျေနပ်ဆုံးပဲ။ သူငယ်ငယ်လေးကတည်းက အရောင်ဆို ပန်းရောင်ကြိုက်တယ်ဆိုရင် ကျမပန်းရောင်အင်္ကျီဝတ်ပေးလိုက်ဖို့ဝန်မလေးခဲ့ဘူး။ သူကိစ္စသေးသေးလေးကို ဝမ်းနည်းတကြီး ငိုနေရင် "မိန်းကလေးလား?" လို့မမေးခဲ့ဘူး။ သူဟင်းချက်တိုင်းဆော့ချင်ရင် pretend play ဆော့ဖို့ အိုးခွက်ပန်းကန်တွေထုတ်လာပေးဖြစ်ခဲ့တယ်။ ဒါတွေရဲ့အကျိုးဆက်က ဘယ်အလုပ်မဆို ကျား/မ gender stereotypes မခွဲခြားတော့ဘူး။
ကျမသားကို များများလုပ်ပေးဖြစ်တဲ့ ပိုက်ဆံမကုန်တဲ့အရာက မေးခွန်းတွေမေးတာနဲ့ သူမေးတာတွေကိုပြန်ဖြေဖြစ်တာပဲ။ မေးခွန်းတွေသူ့ကိုမေးတဲ့အခါ သူအမြဲတွေးဖြစ်နေတယ်။ What ဘာလဲဆိုတဲ့အရာကနေ Why ဘာကြောင့်ဖြစ်လာတာဆိုတဲ့ logical thinking တွေ၊ critical thinking တွေကို အမေးအဖြေတွေကနေ တွေးခိုင်းဖြစ်တယ်။ တစ်ချို့အရာတွေမှာ အဖြေမှန်ဆိုတာမရှိဘူး လူတွေရဲ့တွေးပုံအပေါ်မူတည်ပြီး ကွဲပြားတယ်ဆိုတာ ပြောပြပေးဖြစ်တယ်။ သူမေးတဲ့ ပေါက်ကရမေးခွန်းလေးတွေကို ဖြေတတ်ဖို့လည်းအခုကျင့်သားရနေပါပြီ။
နောက်ဆုံးတစ်ခုက သူ့ကိုအခုအရွယ်ကတည်းက boundary ( စည်း) ဆိုတာလေး ပြောပြရမယ်ဆိုတာ ပိုသိလာတယ်။ အရာရာ အားနာလွန်းတာ၊ သဘောကောင်းလွန်းတဲ့အခါ လူတွေက ကိုယ့်အပေါ်အခွင့်အရေးယူလာတတ်တယ်။ အခုအရွယ်ကတည်းက ကျမကို သူမလုပ်ချင်တာရှိရင် "No" ပြောတာကို ကျေကျေနပ်နပ်ကြီးလက်ခံတယ်။ သူ့ဆန္ဒကိုလည်းလေးစားပြီး လိုက်လျောလို့ရတာဆို လိုက်လျောပေးလိုက်တယ်။
တစ်ကယ်တော့ မိခင်ဘဝက ကျမအတွက်အခုမှ ၃နှစ်တာလေးရယ် ရှိသေးတာပါ။ ကျမထက်အတွေ့အကြုံများတဲ့ မိခင်တွေဆီကလည်းအမြဲလေ့လာရတယ်။ အတုယူကျင့်သုံးရတာလေးတွေရှိတယ်။ ဒီ ၃နှစ်တာမှာ ကျမသိလိုက်ရတာတွေ၊ လေ့လာလို့မဆုံးတဲ့ခရီးစဉ်တွေဆက်လက်ရှိနေဦးမယ်ဆိုတာ သိလိုက်ရပါတယ် ...
ဘာရယ်မဟုတ်ဘူး မိခင်တစ်ယောက်ရဲ့ ရင်တွင်းဖြစ်လေးပေါ့။ သားလေးအတွက် ကျမဆက်လက် ကြိုးစားရပါဦးမယ် ...
မေမေမြဘုန်းဆင့်
#ခေတ်သစ်မေမေ