10/09/2024
ဒိုင်အော့ပ်ဆိုက်
၁၉၇၉ ခုနှစ် ကျွန်တော်တို့ တတိယနှစ် ကျောင်းသားဘဝ ကျောက်ဆည်ဧရိယာမှာ ကွင်းဆင်းတော့ တွင်းထွက်မျိုးစုံ တွေ့ရတဲ့အတွက် ဒီဒေသကို တွင်းထွက်တို့ရဲ့ နိဗ္ဗာန်ဘုံ (Minerals Paradise) လို့သိကြပါတယ်။ ၁၉၈၀ ခုနှစ်မှာ သိပ္ပံဘွဲ့ (ဘူမိဗေဒ) ရပါတယ်။ ၁၉၈၁ ခုနှစ် ဂုဏ်ထူးတန်းတက်တော့ ကျောက်မျက်ပညာ (Gemmology) ကို ဘာသာရပ်တစ်ခုအနေနဲ့ စတင် ထိတွေ့ရပါတယ်။ ကျောက်မျက်ပညာနဲ့ပတ်သက်ပြီး စတင် မှတ်မိတဲ့ အချက်တွေထဲမှာ ကျွန်တော်တို့ နိုင်ငံဟာ ကျောက်မျက်ရတနာ အမျိုးအစား အတော် စုံစုံလင်လင် ထွက်ရှိပေမဲ့ မြ (emerald) ကို မတွေ့ရဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အရပ်ထဲမှာ ကျောက်မျက်ဈေးကွက်မှာ ပြောနေကြတဲ့ မိုးကုတ်မြ ဆိုတာ diopside (ဒိုင်အော့ပ်ဆိုက်) ဆိုတဲ့ တွင်းထွက်ကို ပြောတာပါ။ ရှေ့ဆက်မသွားခင် အသုံးအနှုန်းပိုင်းဆိုင်ရာ ပြုံးချင်စဖွယ်? တိုက်ဆိုင်မှုတစ်ခုက ရုရှားမြ (Russian Emerald) ဆိုပြီး ကျောက်မျက်ရတနာလောကမှာ ပြောနေကြတဲ့ တွင်းထွက်ဆိုတာကလည်း တကယ်တော့ (ခရိုမီယမ်ပါတဲ့) diopside ကို ပြောတာပါ။ မြ ဆိုတဲ့ emerald က အဖိုးတန် ကျောက်မျက်တစ်မျိုး (precious stone) ဖြစ်ပြီး၊ မိုးကုတ်မြတို့ ရုရှားမြတို့ဆိုတဲ့ diopside တွေက တန်ဖိုးသင့် ကျောက်မျက် (Semi-precious stone) တွေ ဖြစ်ပါတယ်။
Diopside ဆိုတာ
diopside ကို ဘရာဇီး ဘူမိဗေဒ ပါမောက္ခ ဘိုနစ်ဖာရှီအို (Jose Bonifacio) က စတင်တွေ့ရှိခဲ့ပြီး၊ ၁၈၀၈ ခုနှစ်မှာ ခေတ်သစ် ပုံဆောင်ခဲပညာရဲ့ ဖခင်ကြီးလို့ ညွှန်းကြတဲ့ ပြင်သစ် တွင်းထွက်ပညာရှင် ဟောင်းအီ (Rene- Just Hauy) က အမည်ပေးခဲ့ပါတယ်။ ဂရိိစကား diopse/dis.opsis ကလာပြီး (two vision/ appearance) (di —> two; opse —> vision/appearance) လို့ အဓိပ္ပာယ် ရပါတယ်။ ထောင်လိုက် ပရစ်ဇမ် မျက်နှာပြင်ရဲ့ အနေအထားကို နှစ်ကြိမ် တွေ့မြင်ရတဲ့ ပုံဆောင်ဓလေ့ကနေ လာပါတယ်။
MgCaSi2O6 ဖွဲ့စည်းပုံရှိတဲ့ ပိုင်ရော့ဆင်းအုပ်စုဝင် ကျောက်ပြုတွင်းထွက်တစ်ခု ဖြစ်ပြီး၊ အသွင်ပြောင်းကျောက်တွေ မီးသင့်ကျောက်တွေမှာ တွေ့ရပါတယ်။ diopside ကို ကမ္ဘာ့အပေါ်ယံလွှာ (crust) မှာထက် ကြားလွှာ (mantle) မှာ ပိုတွေ့ရပါတယ်။ ဘာပြုလို့လဲဆိုတော့ diopside ကို ကြားလွှာကလာတဲ့ ကျောက်တွေဖြစ်တဲ့ ophiolite တို့ kimberlite တို့ peridotite တို့မှာ တွင်းထွက်တစ်ခုအနေနဲ့ ပါဝင်ဖွဲ့စည်းထားလို့ ဖြစ်ပါတယ်။
ဂုဏ်သတ္တိများ
ဓာတုဖွဲ့စည်းပုံ - MgCaSi2O6။ အရောအနှော (impurities) အနေနဲ့ Fe, V, Cr, Mn, Zn, Al, Ti, Na နဲ့ K တို့ ပါနိူင်ပါတယ်။ diopside ရဲ့ Mg နေရာမှာ သံ (Fe) ဖြစ်လို့ရှိရင် CaFeSi2O6 ဖွဲစည်းပုံရှိတဲ့ ဟေဒင်ဗာဂျိုက် Hedenbergite။ Mg နေရာမှာ Fe က အချိုးအမျိုးမျိုးနဲ့ အစားထိုးနိုင်။ diopside နဲ့ hedenbergite လို ဓာတုဖွဲ့စည်းပုံ မတူပေမဲ့ ပုံဆောင်ခဲ အနေအထား တူတာမျိုးကို isomorphous series လို့ ခေါ်ပါတယ်။
ပုံဆောင်စနစ် - တစ်ရိုးစောင်းစနစ်။
အရောင် - အခြားအရောင်များလည်းရှိနိူင်သော်လည်း အများအားဖြင့် အစိမ်းရောင်။
မှတ်ရောင် - အဖြူ။
ရောင်လက် - ဖန်ရောင်လက်။
အလင်းပေါက်မှု (diaphaneity) - အလင်းပိတ်ကနေ အလင်းပေါက်။
ကွဲအင် - တစ်ခုနဲ့တစ်ခု ထောင့်မှန်နီးပါးကျနေတဲ့ ထင်ရှားတဲ့ ကွဲအင် ၂ စုံ။
အက်ရာ - အက်ရာကြမ်း၊ ခရုပတ်။
မာဆင့် - ၅.၅ ကနေ ၆.၅။
သိပ်သည်းဆ - ၃.၂ ကနေ ၃.၅။
ဆန့်ခံခြင်း (tenacity) - ကြွပ်ဆတ်။
ကျောက်မျက်တန်းဝင် diopside အမျိုးအစားများ
ကျောက်မျက်ရတနာအဖြစ် အရည်အသွေးမီတဲ့ diopside ၂ မျိုး ၃ မျိုးလောက် ရှိပါတယ်။ ခရိုမီယမ်ပါတဲ့ chrome diopside အပြင် Mn ပါဝင်တဲ့ ခရမ်းပြာရောင် diopside အမျိုးအစား violane၊ magnetite ပါဝင်ပြီး ဂေါ်ကြိုးပါတဲ့ black star diopside စသည်တို့ ဖြစ်ပါတယ်။ violane ဆိုတဲ့ ခရမ်းပြာရောင် diopside က ထုံးကျောက်တို့ ဒိုလိုမိုက်ကျောက်တို့ ထိတွေ့ အသိပြောင်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စကျင်ကျောက်တွေမှာ တွေ့ရပါတယ်။ သဘာဝမှာ ရှားပါးပြီး ဈေးကွက်မှာ မတွေ့ရသလောက်ပါ။ ဂေါ် ကြိုးပါ star diopside တွေမှာ ပုံဆောင်ခဲ အနေအထားနဲ့အပြိုင် အလွန် သေးငယ်တဲ့ အပ်ချောင်းပုံ အောင်းဝင် (inclusion) လေးတွေ ပါတတ်ပါတယ်။ star diopside ကို လုံးချော သွေးလို့ရှိရင် အပြိုင် တည်ရှိနေတဲ့ အောင်းဝင်လေးတွေက ပိုးချည်မျှင်လေးတွေ သွယ်တန်းသလို ဖြစ်နေတဲ့အတွက် silk လို့ ခေါ်ပါတယ်။ တချို့ diopside တွေမှာ ကြိုးအဖြစ် တွေ့ရတဲ့ ပိုးချည်မျှင်လေးတွေဟာ magnetite နဲ့ ဖွဲ့စည်းထားပြီး၊ တချို့ diopside တွေမှာ ilmenite သို့မဟုတ် rutile အောင်းဝင်လေးတွေ ဖြစ်ပါတယ်။ အဲဒီ အောင်းဝင်လေးတွေဟာ လားရာ (direction) တစ်ခုတည်း ပြရင် ကြောင်မျက်လုံး (cat's eye; chatoyance) လို့ ခေါ်ပြီး၊ လားရာ ၂ ခု သို့မဟုတ် ၃ ခု ပြလို့ရှိရင် ဂေါ်ကြိုး (asterism)လို့ ခေါ်ပါတယ်။ black star diopside မှာ လားရာ ၂ မျိုးပါပြီး၊ တစ်ခုနဲ့ တစ်ခု ထောင့်မှန်ကျကျ တွေ့ဆုံနေတဲ့ ကြိုး ၄ ကြိုးကို တွေ့ရပါတယ်။
မြ (emerald) နဲ့ မိုးကုတ်မြ (chrome diopside) ရဲ့ အဓိက ကွာခြားချက်တွေ
ပထမဆုံး အရေးကြီးတဲ့အချက်က မြက မိုးကုတ်မြထက် ဈေးပိုမြောက်ပြီး၊ ပိုလူကြိုက်များပါတယ်။
သူတို့နဲ့ပတ်သက်တဲ့ ပုံဆောင်စနစ်တွေ ဓာတုဖွဲ့စည်းပုံတွေ တွင်းထွက်အုပ်စုကြီးတွေလို ဟာမျိုးတွေကိုတော့ မပြောတော့ပါဘူး။
မြက မိုးကုတ်မြထက် ပိုရှားပါတယ်။ မြရဲ့မာဆင့်က ၇.၅ ကနေ ၈ ထိ ရှိပြီး၊ မိုးကုတ်မြရဲ့ မာဆင့်က ၅.၅ ကနေ ၆.၅ ထိပဲ ရှိတာမို့ မြက မိုးကုတ်မြထက် ခြစ်ရာပြုရာ အကြမ်းပတမ်း ပိုခံပါတယ်။ ပိုပြီး ကြာရှည်ခံ (durability မြင့်) ပါတယ်။ မြရဲ့ အစိမ်းရောင်က မိုးကုတ်မြရဲ့ အစိမ်းရောင်ထက် ပိုပြီး နှစ်လိုဖွယ်ကောင်းပါတယ်။ မြကို မတူညီတဲ့ လားရာတွေကနေကြည့်ရင် အစိမ်းရောင်ကနေ အပြာရောင်သန်းတဲ့ အစိမ်းရောင်ကို တဖြည်းဖြည်း ပြောင်းသွားတဲ့ ရောင်ပြောင်းပြခြင်း (pleochroism) ကို ထင်ရှားစွာ တွေ့ရပေမဲ့ မိုးကုတ်မြမှာ အဲဒီ အလင်းဂုဏ်သတ္တိကို ကောင်းကောင်း မတွေ့ရပါဘူး။
မိုးကုတ်မြတွေကို အရွယ် ခပ်ကြီးကြီး တွေ့ရလေ့ မရှိပါဘူး။ သူ့ရဲ့ အရွယ်အစားက ၂ ကရက် ၃ ကရက်ထက် ပိုကြီးသွားရင်လည်း အရောင်က ထော်သွားတဲ့ဖက် ရောက်သွားပါတယ်။ (ကွာခြားတာက ကိုလန်ဗီယာက မြတွေဆိုရင် ကရက်ချိန်အားဖြင့် ဆယ်ဂဏန်းမက ရာဂဏန်း ထောင်ဂဏန်းထိ ရှိပါတယ်။ အဖိုးတန်ရတနာတစ်ခုအနေနဲ့ အရည်အသွေး ပိုတက်သွားအောင်၊ သဘာဝကျောက်မှာ ပါဝင်တဲ့ အပြစ်အနာအဆာလေးတွေ လျော့နည်းပါပျောက်သွားအောင်၊ ကြည်တောက်ရှင်း (clarity) ဖြစ်သွားအောင် မြကို ပြုပြင် (treat) ကြတာမျိုး ရှိပါတယ်။ ဒါပေမဲ့ တန်ဖိုးသင့်ကျောက်မျက်ဖြစ်တဲ့ diopside ကို ပြုပြင်ကြတာမျိုး ရှားပါတယ်။ သမိုင်းအစဥ်အလာကို ကြည့်ရင်လည်း မြကို ရာစုနှစ်များနဲ့ချီပြီး နှစ်သက် သဘောကျလာကြတာ ဖြစ်ပေမဲ့၊ diopside (အထူးသဖြင့် chrome diopside ဖြစ်တဲ့ ရုရှားမြ) ဆိုတာ ၁၉ဂဂ ခုနှစ်လောက်ကမှ နိူင်ငံတကာ ကျောက်မျက်ဈေးကွက်ကို ကဆုန်ပေါက် ဝင်ရောက်လာတာ ဖြစ်ပါတယ်။
မတူတာတွေ ပြောရင်းကနေ တူတာတစ်ခုကို ပြောစရာ ရှိလာတာက မြကော မိုးကုတ်မြကော အစိမ်းရောင်ပေးတာက သူတို့ရဲ့ သက်ဆိုင်ရာ ဓာတုဖွဲ့စည်းပုံတွေမှာ ခရိုမီယမ် မဆိုစလောက်လေး (in trace amount) ပါဝင်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
တွေ့ရှိရပုံ
diopside ကို နယ်ပယ် အသွင်ပြောင်းခြင်းနဲ့ ထိတွေ့ အသွင်ပြောင်းခြင်းတို့ကြောင့် ဖြစ်ပေါလာတဲ့ အသွင်ပြောင်းကျောက်တွေမှာ အဓိက တွေ့ရပါတယ်။ ဆီလီကာကြွယ်တဲ့ ထုံးကျောက်တွေ ဒိုလိုမိုက်ကျောက်တွေကနေ အသွင်ပြောင်းလာတဲ့ စကျင်ကျောက် (marble) တွေမှာ တွေ့ရသလို calc-silicate တို့ skarn တို့ amphibolite ကျောက်တွေမှာလည်း တွေ့ရပါတယ်။ Ca နဲ့ Mg ပါဝင်မှုများတဲ့ နိူက် နဲ့ ရှစ် တို့မှာလည်း တွေ့ရပါတယ်။ အသွင်ပြောင်းဆင့် အတော်အတန် မြင့်ပြီး၊ epidote-amphibolite facies မှာကျတဲ့ ကျောက်တွေမှာ တွေ့ရပါတယ်။ အဲဒီလိုကျောက်တွေမှာ diopside ကို tremolite, wollastonite, forsterite, garnet, scapolite, idocrase, sphene, calcite, quartz တို့လို တွင်းထွက်တွေနဲ့အတူ တွေ့ရတတ်ပါတယ်။ diopsideကို gabbro တို့ peridotite တို့ kimberlite တို့ serpentinite တို့လို ဗေ့စ် နဲ့ ဗေ့စ်လွန်မီးသင့်ကျောက်တွေမှာလည်း တွေ့ရပါတယ်။ ရုရှားက ဆိုက်ဗေးရီးယားတောင်တန်းတွေမှာ တွေ့ရတဲ့ diopside ဆိုရင် စိန်ပါဝင်တဲ့ ကင်ဗာလိုက်ပြွန် (kimberlite pipe) တွေအနားက ရတာ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ဆက်စပ်ပြီး ပြောရရင် ကနေဒါ၊ အမေရိကန်ပြည်ထောင်စု၊ အာဖရိက စတဲ့ နိူင်ငံတွေမှာ စိန်ရှာဖွေရေးအတွက် diopside ကို လမ်းညွှန်တွင်းထွက် (indicator mineral) အဖြစ် သုံးကြပါတယ်။
တွေ့ရှိရာဒေသ
diopside ကို ရုရှား၊ သြစတြီးယား၊ ဘရာဇီး၊ မြန်မာ၊ ကနေဒါ၊ ဖင်လန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ်စတန်၊ မဒါဂတ်စကား၊ အီတလီ၊ သီရိလင်္ကါနဲ့ အမေရိကန်ပြည်ထောင်စု စသည်တို့မှာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ diopside ကို မိုးကုတ်နယ်ထဲက ဗားနတ်၊ ကျောက်ပြဿဒ်၊ ကျပ်ပြင်၊ ဘော်ပဒန်း၊ ကျောက်ဆောင်၊ ကျောက်ပုပ်၊ ဓာတ်တော်၊ လင်းရောင်ခြည်၊ မြောတောင်၊ အုတ်စောင်းတောင်၊ အုန်းပင်ရေထွက်၊ ပိန်းပြစ် အစရှိတဲ့ နေရာတွေမှာ တွေ့ရပါတယ်။
Source:
https://geologyscience.com/minerals/diopside/https://geology.com/minerals/diopside.shtml
Related Posts
ကျိုင်ရင်နိုက် Related Posts:
https://www.facebook.com/share/p/nyWAm5SsHubfGotM/?mibextid=oFDknk
မျော
https://www.facebook.com/share/p/rvk4tDFZTqaeK31H/?mibextid=oFDknk
Sunstone
https://www.facebook.com/share/p/RT9ea1SEpgEHB5AF/?mibextid=oFDknk
မှော်စစ်စစ်
https://www.facebook.com/share/p/KSecxTQoPVHmsq69/?mibextid=oFDknk
သလင်းဝါ
https://www.facebook.com/share/p/USdwhNTy1xYRFcbr/?mibextid=oFDknk
ဖရဲအူ
https://www.facebook.com/share/p/tVBzcj9hiCyG57oN/?mibextid=oFDknk
ကျော်သူရိုက်နဲ့ ပိန်းနိုက်
https://www.facebook.com/share/p/DPJccuRZm3LCHh8f/?mibextid=oFDknk
အပြာရောင်မဟုတ်သော နီလာများ
https://www.facebook.com/share/p/EQtZhHST2kq2CQx6/?mibextid=oFDknk
စိန်များ ဖြစ်ပေါ်တွေ့ရှိရပုံ
https://www.facebook.com/share/p/UqgYkiF7SweTQQZZ/?mibextid=oFDknk
စိန်ရောင်စုံ
https://www.facebook.com/share/p/ApUMSgYAb6YA7omw/?mibextid=oFDknk
စိန်နဲ့ မွိုင်ဆန်နိုက်
https://www.facebook.com/share/p/R6aBmLQCUg6hSHr6/?mibextid=oFDknk
ဂျီအုတ် (Geode)
https://www.facebook.com/share/p/DPJccuRZm3LCHh8f/?mibextid=oFDknk