12/10/2023
မအားသေးရင် Save ထားပြီးအချိန်ရရင်ဖတ်ကြည့်ပါ တခုခုရရှိသွားမှာပါနော်
ဥပုသ်နေ့ ဥပုသ်တရား
~~~~~~~~~~
ဥပုသ်သည် ငါးဦး ဝတ္ထု (ပဉ္စုပေါသထဇာတ်)
မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးစဉ် ဥပုသ်ဆောက်တည်သော သီတင်းသည် ငါးရာတို့ကို အကြောင်းပြု၍ အတိတ်ဇာတ်ကို ဟောတော်မူသည်။
အတိတ်ဇာတ်
ရှေးလွန်လေပြီးသောအခါ အင်္ဂတိုင်း၊ မဂဓတိုင်း၊ ကာသိတိုင်း၊ ဤတိုင်းကြီးသုံးတိုင်းတို့အလယ်၌ မွေ့လျော်ဖွယ်ရှိသော တောအုပ်သည်ရှိ၏။ ဘုရားလောင်းသည် မာဂဓတိုင်းဝယ် ဗြာဟ္မဏမဟာသာလမျိုး၌ ဖြစ်၏။ အရွယ်သို့ ရောက်လျှင် စည်းစိမ် ဥစ္စာ ကာမဂုဏ်တို့ကို စွန့်ပြီး ထိုတောအုပ်သို့ ဝင်၍ ရသေ့ရဟန်းပြုကာ ကျောင်းသင်္ခမ်း ဆောက်လျက်နေ၏။
ရသေ့ကျောင်းအနီး ဝါးတော၌ ခိုလင်မယားနေ၍ တောင်ပို့တစ်ခု၌ မြွေသည် နေ၏။ ချုံတစ်ခု၌ မြေခွေးနေ၍ တောအုပ်၌ ဝံသည်နေ၏။ ထိုလေးဦးသော သတ္တဝါတို့သည် အမြဲမပြတ် ရသေ့ထံ ချဉ်းကပ်၍ တရားနာကြကုန်၏။
တစ်နေ့သ၌ ခိုလင်မယားသည် အစာရှာသွားခိုက် စွန်တစ်ကောင်သည် ခိုမကို သုတ်၍ စား၏။ ခိုထီးသည် ခိုမနှင့် ကွေကွင်းရခြင်းကြောင့် သောကမီးတောက်လောင်၏။ သောကမီးကို ငြိမ်းစေရန် ရသေ့ကျောင်းသို့သွား၍ ဥပုသ်ဆောက်တည်၏။
မြွေသည် တောင်ပို့မှ ထွက်၍ နွားတို့ သွားရာလမ်း၌ အစာကို ရှာ၏။ ထိုအခါ ရွာစား၏ နွားလားဥသဘသည် ထိုတောင်ပို့၌ ချီသွေး၍ ခွာတို့ဖြင့် မြေတို့ကိုယက်၍ ကစား၏။ မြွေသည် ကြောက်လန့်ပြေးရာ နွားလားဥသဘသည် နင်းမိသဖြင့် မြွေသည် အမျက်ထွက်၍ ကိုက်၏။ နွားလားဥသဘသည် သေ၏။ မြွေသည် ငါ၏ ဒေါသကို မှီ၍ နွားသေရသည်။ ထိုဒေါသကို နှိမ်မည်ဟု ရသေ့ကျောင်းသို့ သွား၍ ဥပုသ်စောင့်၏။
မြေခွေးသည် အစာရှာရန်သွားသော် ဆင်သေတစ်ကောင်ကိုမြင်လျှင် များစွာသော အစာကို ရရှိပြီဟု ဝမ်းမြောက် ဝမ်းသာ နှာမောင်း၊ နွားရွက်၊ ဝမ်းဗိုက် စသည်တို့ကို ကိုက်၍ စားရာ မာကြောလှသဖြင့် ကိုက်၍ မရ(ဝစ္စမဂ်)စအိုကို ကိုက်ပြန်ရာ မုန့်ညက်ကို ကိုက်ရသကဲ့သို့ နူးညံ့သဖြင့် စားရ၏။ နူးညံ့လှ၍ လောဘ၏ အစွမ်းဖြင့် ရှေ့သို့ တိုး၍-တိုး၍ စားရာမှ ဆင်သေ၏ ဝမ်းဗိုက်အတွင်းသို့ ရောက်သွား၏။ ဆင်ဝမ်းတွင်း၌ အူ, အသည်း, အသား, ကြိုက်ရာစား၍ ရေဆာလျှင် သွေးကို သောက်၏။ အိပ်လိုက်၊ စားလိုက်နှင့် နှစ်ရက် သုံးရက်ကြာသွား၏။ နေပူကြောင့် စအိုပေါက် ပိတ်သွား၏။ ထွက်ပေါက်မရဘဲ ကြီးစွာဆင်းရဲရ၏။
တစ်ဖန် မိုးရွာ၍ ရေနူးကာ ထွက်ပေါက် ပွင့်လာသဖြင့် ကြောက်အားတကြီး အတင်းကုန်းထွက်၏။ ကျွတ်၍ အရေပါစုတ်ကာ လွန်စွာဆင်းရဲရ၏။ ထိုအခါ မြေခွေးသည် လောဘကို နှိမ်နင်းမည်ဟု ကျောင်းသို့သွား၍ ဥပုသ်စောင့်လျက် နေ၏။
ဝံသည် စားနေကျစားကျက်လွန်၍ တောမှ ထွက်ခဲ့၏။ မလ္လတိုင်းရှိ ရွာသားတို့သည် ဝံလာသည့်သတင်းကြား၍ တုတ်၊ လှံတံ၊ လေး၊ မြားတို့ကို ကိုင်ဆောင်၍ ဝံအောင်းသည့်ချုံကို ဝန်းရံကြ၏။ ဝံသည် ကြောက်ရွံ့သဖြင့် ထွက်ပြေး၍ လူတို့သည် လက်နက်တို့ဖြင့် ရိုက်ပုတ် ပစ်ခတ်ကုန်၏။ ဝံသည် ခေါင်းကွဲလျက် သွေးများ ယိုစီးကျပြီး မိမိနေရာသို့ အရောက်ပြေး၏။ ငါသည် အလွန်အလိုကြီးသော လောဘကြောင့် ဖြစ်ရသည်ဟု လောဘကို နှိမ်နင်းရန် ကျောင်းသို့သွား၍ ဥပုသ်ဆောက်တည်လျက်နေ၏။
ရသေ့လည်း မာနကို မှီ၍ ဈာန်အဘိညာဉ်တို့ကို မဖြစ်စေနိုင်၊ ပစ္စေကဗုဒ္ဓါတစ်ဆူသည် ထိုအကြောင်းကို သိတော်မူလျှင် ဤရသေ့သည်ကား ယုတ်ညံ့သောသူမဟုတ်၊ ဘုရားလောင်းတည်း၊ မာနကို နှိမ်၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေမည်ဟု ကြံစည်လျက် ဟိမဝန္တာမှ ကြွလာကာ ရသေ့၏ ကျောင်းအနီး ကျောက်ဖျာ၌ နေ၏။
ထိုအခါ ရသေ့သည် ပစ္စေကဗုဒ္ဓွါကို မြင်လျှင် လက်ဖျစ်တီးလျက် "ဟယ်သူယုတ်ဦးပြည်း သွားလော့၊ အဘယ်ကြောင့် ငါ့နေရာ၌ လာ၌ နေဘိသနည်း"ဟု ဆို၏။ ထိုအခါ ပစ္စေကဗုဒ္ဓါသည် "အို-သူတော်ကောင်း၊ အဘယ်ကြောင့် မာနကြီးဘိသနည်း၊ ငါကား ပစ္စေကဗုဒ္ဓါဖြစ်သည်၊ သင်သည် ဤကမ္ဘာ၌ပင် ဘုရားဖြစ်လတ္တံ"စသည်ဖြင့် အမည် အမျိုး အဂ္ဂသာဝက စသည်တို့ကို ပြောကြားပြီး တစ်ဖန် "အို-သူတော်ကောင်း အဘယ်ကြောင့် မာနကြီးဘိသနည်း၊ ကြမ်းကြုတ်ဘိသနည်း၊ မသင့်လျော်"ဟု ဆုံးမတော်မူ၏။
ရသေ့သည် ပစ္စေကဗုဒ္ဓါအရှင်မြတ်က ဆုံးမသော်လည်း မနာယူ၊ မိမိဇာတိမာန်ဖြင့် မာန်ရှိနေဆဲဖြစ်၏။ ထိုအခါ ပစ္စေကဗုဒ္ဓါက "သင်သည် ငါ၏ ဂုဏ်ကျေးဇူးကို မသိ၊ သင် စွမ်းနိုင်ပါက ငါကဲ့သို့ ကောင်းကင်ပျံလော့"ဟု ပြောဆိုကာ ခြေမှုန့်တို့ကို ရသေ့၏ ဆံကျစ်ဝန်းပေါ်သို့ ကျစေပြီး မြောက် ဟိမဝန္တာသို့ ပြန်ကြွသွား၏။
ထိုအခါ ဘုရားလောင်းရသေ့သည် ထိတ်လန့်သွား၏။ ဤရဟန်းကား ကောင်းကင်ပျံနိုင်၏။ ငါကား ဇာတိမာန်ကြောင့် ရှိမခိုးမိ။ ဘယ်အချိန်ကာလမှာ ဘုရားဖြစ်မည်နည်းဟူ၍လည်း မမေးလိုက်မိ၊ အဘယ်သို့ ပြုရအံ့နည်း။ လောက၌ အကျင့်သီလသာ မြတ်၏။ ငါသည် မာနကို နှိမ်မည်ဟု ကသိုဏ်းပရိကံ ပွားများကာ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေလျက် စင်္ကြန်ဦးရှိ ကျောက်ဖျာ၌ နေ၏။
ထိုအခါ ခိုစသော သတ္တဝါလေးဦးတို့သည် ရသေ့ထံ ချဉ်းကပ်၍ လျောက်ပတ်သော အရပ်၌ နေကြကုန်၏။
ရသေ့သည် ခိုကို စ၍ မေး၏။ "အို-ခိုဖို၊ သင်သည် အစာရှာသွားချိန်ဖြစ်လျက် မသွားဘဲ အဘယ်ကြောင့် အဆာခံပြီးနေဘိသနည်း"ဟု မေး၏။
"အရှင်ဘုရား- ကျွန်ုပ်သည် ရှေးအခါက ခိုမနှင့် ပျော်မွေ့ခဲ့ပါ၏။ ခိုမကို စွန်ဖမ်းယူသွားခြင်းခံရ၍ ခိုမနှင့် ကွေကွင်းရသည့်အတွက် ဆင်းရဲရ၏။ ထို့ကြောင့် ခိုမ၌ ချစ်ခင်စွဲမက်သော ရာဂကို နှိမ်လိုသဖြင့် အစာရှာ မသွားဘဲ ဥပုသ်ဆောက်တည်ပါ၏"ဟု ဖြေ၏။
ရသေ့သည် မြွေကို မေးပြန်၏။ "အို-အသင်မြွေ၊ အဘယ်ကြောင့် အစာရှာမသွားဘဲ အဆာခံပြီး ဥပုသ်ဆောက်တည်နေဘိသနည်း"ဟု မေး၏။
"အို-ရှင်ရသေ့-အကျွန်ုပ်သည် ရွာစာမင်း၏ နွားအနင်းခံရ၍ ကိုက်ပေါက်မိရာ နွားသေသွားပါ၏။ ဒေါသအမျက်ကို နှိမ်နင်းလို၍ အစာရှာမသွားဘဲ အဆာခံပြီး ဥပုသ်ဆောက်တည်ပါ၏"ဟု ဖြေ၏။
ရသေ့သည် မြေခွေးကို မေးပြန်၏။
မြေခွေးကလည်း ဆင်သေ၏ ဝမ်းခေါင်းချောင်ပိတ်မိပြီး အတင်းရုန်းထွက်ရာမှ အမွေးတွေ ကျွတ်ရပုံ၊ အရေစုတ်ရပုံတို့နှင့် ဆင်းရဲကြီးပုံတို့ကို လျှောက်၏။ ထိုဒုက္ခကို မှီပြီးဖြစ်ရသည့် အစာလောဘရမ္မကို နှိမ်လို၍ အဆာခံကာ ဥပုသ် ဆောက်တည်ပါ၏"ဟု ဖြေ၏။
ရသေ့သည် ဝံကို မေးပြန်၏။
အို-ဝံ၊ သင်သည် အစာရေစာ မွတ်သိပ်ခြင်းကို သည်းခံပြီး အဘယ်ကြောင့် ဥပုသ်ဆောက်တည်၍ နေဘိသနည်း"ဟု မေး၏။
"အို_ရှင် ရသေ့၊ ကျွန်ုပ်သည် အစာပေါ်၌ အလိုကြီးကာ နယ်လွန်ပြီးသွားမိ၍ ရွာသားတို့၏ လက်ချက်ဖြင့် ခေါင်းကွဲခဲ့ရပါ၏။ ကြီးစွာသော ဆင်းရဲဖြစ်ပါ၏။ ထို့ကြောင့် ထိုဆင်းရဲကို မှီပြီး ဖြစ်ရသည့် အလိုကြီးခြင်းကို နှိမ်၍ ဥပုသ် ဆောက်တည်ပါ၏"ဟု ဖြေသည်။
ဤသို့ခို၊ မြွေ၊ မြေခွေး၊ ဝံ ၊ လေးဦးသော သတ္တဝါတို့သည် မိမိတို့ ဥပုသ်ဆောက်တည်ခြင်းအကြောင်းအရင်း ကို အသီးသီး လျှောက်ထားကြပြီး ရှိခိုးကာ ရသေ့အား - "အရှင်ဘုရား-အရှင်ဘုရားတို့သည် သစ်သီးရှာသွားချိန် ဖြစ်ပါလျက် မသွားဘဲ ကြောင့်ကြမဲ့ ဆာလောင်မွတ်သိပ်ခြင်းကို သည်းခံပြီး အဘယ်ကြောင့် ဥပုသ် ဆောက်တည်၍ နေပါသနည်း"ဟု မေးလျှောက်ကြကုန်၏။
"အချင်းတို့၊ ငါသည်လည်း ငါ၏ ကျောင်းသို့ ပစ္စေကဗုဒ္ဓါ တစ်ပါး ကြွလာ၍ လားရာဂတိ၊ အမည်၊ အမျိုးအနွယ်၊ အကျင့်တို့ကို ဆုံမပါ၏။ ငါသည် မာနကို မှီ၍ ရှိလည်း မခိုးမိ၊ မေးလည်း မမေးမိ၊ ထို့ကြောင့် မိမိမာနကို နှိမ်လိုသဖြင့် ဥပုသ်ဆောက်တည်ပါ၏"ဟု ဖြေကြားပြီး သတ္တဝါလေးဦးတို့ကို ဆုံးမပြန်လွှတ်၏။ လေးဦးသော သတ္တဝါတို့လည်း ရသေ့အား ရှိခိုး၍ ပြန်သွားကြ၏။
ရသေ့သည် မယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လား၏။ လေးဦးသော သတ္တဝါတို့သည်လည်း ရသေ့၏ အဆုံးအမ၌ တည်၍ သေလွန်သော် နတ်ပြည်သို့ လားကုန်၏။
ဇာတ်ပေါင်းသော်
ခိုသည် - အနုရုဒ္ဓါ၊
ဝံသည် - ကဿပ၊
မြေခွေးသည် - မောဂ္ဂလာန်၊
မြွေသည် - သာရိပုတ္တရာ၊
ရသေ့သည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကို ပေါင်း၏။
crd ဓမ္မdhama
ထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်