12/02/2024
***ကြိုက်လွန်း ထိလွန်းလို့ မလာတာ အနှစ်တွေချည့်ဘဲဗျာ***
***ပြန်မလာနဲ့ ငါ့ကောင်***
~~~~~~~~~~~~~~~~~
***ဒီနိုင်ငံဟာ
ဘုရားမမြင်နိုင်အောင်
မာရ်နတ်ဖွက်ထားတဲ့
အရပ်ပါကွာ ...
***ဆီတန်းစီ
ဆန်တန်းစီ
ဓာတ်ဆီတန်းစီရတဲ့
ဘဝကရုံးထွက်ဖို့
Passport ရုံးမှာ
တန်းစီရတယ်။
***လက်ဖဝါးအရွယ်
စာအုပ်အနီလေးမှာ
လယ်ယာ၊ ကျွဲနွား
အိမ်ဝိုင်းစာချုပ် ထည့်ထားတယ်
နေ့ပြန်တိုး လပြန်တိုး
နှစ်ပြန်တိုးတွေ ထည့်ထားတယ်။
***လက်ဖဝါးအရွယ်
စာအုပ်လေးထဲမှာ
အဖေ့ မျှော်လင့်ချက်တွေရှိတယ်
အမေ့ မျက်ရည်တွေရှိတယ်
***နောက်ပြီး ...
အချစ်လက်ဖဝါးလေး
လွှတ်ခဲ့ရတာရှိမယ် ...
***PV နဲ့ သွားသွား
PJ နဲ့ သွားသွား
ရောက်ဖို့က အရေးကြီးတယ်။
***သွား ... ငါ့ကောင်
နောက်ပြန်မကြည့်နဲ့
ခပ်ပြတ်ပြတ်လှမ်း ငါ့ကောင်။
***ငါ့သူငယ်ချင်း
နိုင်ငံခြားသွားမဲ့နေ့က
သူ့ အမေဟာ
အိမ်အောက်က မြေကြီးခဲလေးကောက်
ထမိန်အထက်ဆင်နဲ့ ထုပ်လို့
ဘယ်ဒေသရောက်ရောက်
ကိုယ့်မြေမှာ နေသလို သဘောထား
မင်းအမေရဲ့
ဇာတိမာန်ကို နားလည်ပါရဲ့
***သို့ပေမဲ့ ...
ဒီမြေမှာ တမ်းတစရာ
ဘာများရှိလို့လဲ ...
***ဘုရင်ဖြစ်ချင်သူတွေ
အပေါဆုံးက ဒီနိုင်ငံ
#မင်းမဲ့စရိုက်အများဆုံးကလည်း ဒီနိုင်ငံ
***ဓာတ်ကြိုးတွေ
အရှုပ်ဆုံးက ဒီနိုင်ငံ
#မီးမလင်းဆုံးကလည်း ဒီနိုင်ငံ
***ညောင်စေ့လောက် လျှပ်စစ်မီးရပီး
ညောင်ပင်ကြီးလောက်
မီတာခဆောင်ရတဲ့ နိုင်ငံ
**&ကိုယ့်အသက်ကို ဖက်နဲ့ ထုပ်ရင်း
ငါ အသေအချာမှာလိုက်မယ်
ပြန်မလာနဲ့ ငါ့ကောင်ရေ ...
***တခါတလေ
ရွှေတိဂုံ၊ ပုဂံ၊ အင်းလေး၊ မုံရွာ
ထိုးမုန့်နဲ့ ဟာလဝါကို
လွမ်းချင်လွမ်းပေါ့။
ပြန်တော့မလာနဲ့ ငါ့ကောင် ...။
***ပိုင်ရှင်မဲ့ အလောင်းတွေ
မိဘမဲ့ ကလေးတွေ
လက်သည်မပေါ်တဲ့ ရာဇဝတ်မှုတွေ
နတ် နဂါး ပူးကပ်သူနဲ့
မီးပွိုင့်မှာ
#တောင်းစားသူတွေအလွန်ပေါတဲ့ နိုင်ငံ
***ဓာတ်ငွေ့နဲ့ လျှပ်စစ်ကို
တရုတ်ပြည်ကို ရောင်းပြီး
တရုတ်ထုတ်
ဘက္ထရီနဲ့ အင်ဗာတာကို
ပြန်ဝယ်ရတဲ့ နိုင်ငံမှာ
နောက်ဆို ...
***ထိုင်းသနပ်ခါးကို
ငါတို့ ဝယ်ရတော့မယ်
ထိုင်းသကြင်္န်ဟာ
ယူနက်စကိုအမွေအနှစ်စာရင်း ဝင်သွားပြီ။
***ဖြစ်နိုင်ရင် ...
သံလွင်မြစ်နဲ့ ဧရာဝတီမြစ်ကိုတောင်
နောက်ပြန်စီးခိုင်းချင်တဲ့
အိမ်နီးချင်းနိုင်ငံတွေကြား
ငါတို့ဟာ တူနာငါးလို
တစ်လွှာခြင်း ဖဲ့စားခံနေရတယ်။
ပြန်မလာနဲ့ ငါ့ကောင်
***ဒုက္ခတွင်းထဲ ပြန်လာမဲ့အစား
ပြည်ပမှာ
ပျားလိုရှာ ခြလိုစုပြီး
မိသားစုကိုထောက်ပံ့
ပြန်မလာနဲ့ ငါ့ကောင် ...။
***ဒီဖုန်းဆိုးမြေဟာ
ဘယ်မီးလှုံလှုံ မနွေးတဲ့အရပ်
ဘယ်ပန်းစိုက်စိုက် မမွှေးတဲ့အရပ် ..။
***ဒီနိုင်ငံဟာ ဘုရားမမြင်အောင်
မာရ်နတ်ဖွက်ထားတဲ့ အရပ်ပါကွာ ...။
(ဆန်းကျော်စွာဝင်း)
ရိုသေလေးစားစွာဖြင့်
***TNO***.............,,,