05/11/2025
ဒေါ်လာ သုံးလေးထောင်တန်တဲ့ ဝတ်စုံကို ဝတ်ထားတဲ့လူကြီးက ကျွန်တော့်လက်တွေကိုကြည့်ပြီး လေအေးပေးစက်လာပြင်တာလားလို့ မေးခဲ့ပါတယ်။
ကျွန်တော့်လက်တွေက ထူထဲ ကြမ်းတမ်းပါတယ်။ လက်အဆစ်တွေမှာ အမာရွတ်တွေလည်းရှိနေပါတယ်။
လက်သည်းအောက်မှာက ဘယ်လောက်ပဲတိုက်ချွတ်ချွတ် မပြောင်နိုင်တဲ့ ဆီဂျိုးတွေလည်း အမြဲရှိနေပါတယ်။
ကျွန်တော့်မျက်လုံးတွေက သူ့လက်တွေကို ကြည့်လိုက်မိပါတယ်။
ချောမွေ့၊ ဖြူဖျော့ပြီး လက်ကောက်ဝတ်မှာ ရွှေနာရီတစ်လုံးက တောက်တောက်ပြောင်ပြောင် နေရာယူထားပါတယ်။
"မဟုတ်ပါဘူး ဆရာ" လို့ ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။
တိတ်ဆိတ်နေတဲ့ အထက်တန်းကျောင်းရဲ့စာကြည့်တိုက်ထဲမှာဆိုတော့ ကျွန်တော့်အသံက အနည်းငယ် တုန်ခါနေပါတယ်။
"ကျွန်တော်က အသက်မွေးဝမ်းကျောင်းပညာနေ့ _ Career Day အတွက် လာတာပါ။ ကျွန်တော်က ဂျေဆင်ရဲ့ အဖေပါ"
သူ့အပြုံးက ယဉ်ကျေးပါတယ်၊ ဒါပေမဲ့ သူ့မျက်လုံးတွေက စကား ပြောနေပါတယ်။
''မင်းလား'' တဲ့။
ကျွန်တော့်နာမည် မိုက်ပါ။ အသက်က ၅၈ နှစ်ရှိပါပြီ။ အဲဒီထဲက နှစ်သုံးဆယ်ကို ခရီးရှည် ထရပ်ကားမောင်းသူ အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
ကျွန်တော်က မုဆိုးဖိုတစ်ဦး၊ စစ်မှုထမ်းဟောင်းတစ်ဦး၊ ဖခင်တစ်ဦးလည်း ဖြစ်ပါတယ်။
ကျွန်တော့်သား ဂျေဆင်က လိမ္မာတဲ့ကလေးပါ။ ဒီကျောင်းမှာ အထက်တန်း တက်နေပါတယ်။
ကျွန်တော့်ကို ကြိုဆိုမယ့်သူလည်း မရှိတာကြောင့် ခန်းမထဲရောက်နေတဲ့ ရွှံ့ပေနေတဲ့ဖိနပ်တရံလို ခံစားရပါတယ်။
တကယ်တော့ ဒီကျောင်းက... ကျွန်တော့်ရဲ့ဇနီး ကွယ်လွန်သူ ''ဆာရာ'' ရဲ့ ကမ္ဘာပါပဲ။ သူ ဒီမှာ ဆရာမလုပ်ခဲ့ပါတယ်။
ဒီခန်းမရဲ့ရှေ့ကလမ်းတွေနဲ့ ဒီကလေးတွေကို ချစ်ခဲ့ပါတယ်။
သူဆုံးတော့ ဒီကျောင်းက သူ့နာမည်နဲ့ ပညာသင်ဆုတစ်ခုကို ထူထောင်ပေးခဲ့ပါတယ်။
ပြီးတော့ ကျွန်တော့်သား ဂျေဆင် က သူ့ဆရာမကို ကျွန်တော့်ကို "ထောက်ပံ့ပို့ဆောင်ရေးနှင့် ပို့ကုန်ကွင်းဆက် ကျွမ်းကျင်သူ " လို့ ပြောပြီး အခန်းအနားမှာ စကားပြောဖို့ တိုက်တွန်းတဲ့အခါ ကျွန်တော် ငြင်းလို့မရခဲ့ပါဘူး။
"ဆာယာ'' ကို စိတ်ပျက်အောင်လုပ်မိမှာကိုတော့ စိုးရိမ်မိပါတယ်။
ဒါနဲ့ ကျွန်တော် ရောက်လာခဲ့ပါတယ်။ အကြွေးမကျေသေးတဲ့ ကျွန်တော်ပိုင် ထရပ်ကားကို၊ အသစ်စက်စက် ဂျာမန်ဇိမ်ခံကားတစ်စီးနဲ့ ဇိမ်ခံလျှပ်စစ်ကားတစ်စီးကြားမှာ ရပ်ခဲ့ပါတယ်။
ကျွန်တော်မှာရှိတဲ့အထဲက အကောင်းဆုံး ဂျင်းဘောင်းဘီရယ်၊ သန့်သေးတယ်ထင်တဲ့ ဖလန်ထည်ရှပ်အင်္ကျီနဲ့ ကျွန်တော့်ရဲ့လုပ်ငန်းသုံးဘွတ်ဖိနပ်ကို ဝတ်ပြီး ဝင်လာခဲ့တာပါ။
စာကြည့်တိုက်ထဲမှာ လုပ်ငန်းရှင်များ၊ အောင်မြင်ကျော်ကြားတဲ့ ကျောင်းသား မိဘတွေနဲ့ ပြည့်နေပါတယ်။
ဦးနှောက်ခွဲစိတ်ဆရာဝန် ဒေါက်တာချန် - Dr. Chen က ဦးနှောက်ရဲ့မြေပုံကို ဆွဲတဲ့စက်အကြောင်းကို ဗီဒီယိုဖိုင်နဲ့ တင်ဆက်ပါတယ်။
နောက်တစ်ယောက်က ဈေးကြီးတဲ့ နာရီပိုင်ရှင် မစ္စတာ ဒေးဗီးစ် - Mr. Davies အလှည့်ဖြစ်ပါတယ်။
သူက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုကို ဦးစီးလုပ်ကိုင်နေသူပါ။
"ပိုင်ဆိုင်မှုတွေ အသုံးချမြှင့်တင်ခြင်း " နဲ့ '' ရင်းနှီးမြှပ်နှံမှု" အကြောင်း ပြောပါတယ်။
သူက "ပူးပေါင်းဆောင်ရွက်မှု " ဆိုတဲ့စကားလုံးကို ငါးကြိမ် သုံးခဲ့ပါတယ်။
ကလေးတချို့ရဲ့မျက်လုံးတွေက မှေးစင်းပြီး၊ တချို့ကငိုက်နေကြတာကို ကျွန်တော် သတိထားမိပါတယ်။
ကျန်တဲ့မိဘတွေက ခေါင်းငြိမ့်နေပေမယ့် နားလည်ဟန်ဆောင်နေတယ်ဆိုတာ သတိပြုမိပါတယ်။
ကျွန်တော့်သား ဂျေဆင်က နောက်ဆုံးတန်းမှာ ကိုယ်ကို ရှေ့ကိုင်းပြီး မှောက်လျက်သားထိုင်နေပါတယ်။ ပျောက်ကွယ်သွားအောင် ကြိုးစားနေသလိုပါပဲ။
ပခုံးကို ပုတ်လိုက်တဲ့ အထိအတွေ့ကြောင့် လှည့်ကြည့်လိုက်တော့ ကျောင်းအုပ်ကြီးဖြစ်နေပါတယ်။
"မစ္စတာ ရိုင်လေ - Mr. Riley.... ခင်ဗျား အလှည့်ပါပဲ။"
ကျွန်တော် ရှေ့ကို လျှောက်သွားခဲ့ပါတယ်။ ကျွန်တော့်အလှည့်မှာ PowerPoint မရှိဘူး။ ဗီဒီယိုလည်း မရှိဘူး။
ကျွန်တော်တစ်ယောက်တည်းပါပဲ။ အများ ရှေ့မှာ ရပ်လိုက််တယ် ဆိုရင်ပဲ သူတို့ရဲ့ အကဲဖြတ်မှုဒဏ်ကို ကျွန်တော် ခံစားနေရပါတယ်။
ယောဂ ဘောင်းဘီ ဝတ်ထားတဲ့ အမေတွေဆီက တီးတိုးသံတွေ ထွက်လာပါတယ်။
"သူက သန့်ရှင်းရေးဝန်ထမ်းလား?"
"သူက.....ဘယ်သူ့အဖေလဲ?"
ကျွန်တော်ရဲ့အရှေ့က သစ်သားစင်ကို လက်နဲ့ဆုပ်ကိုင်လိုက်ပါတယ်။
ဒါက ဆာယာ အစည်းအဝေးတွေမှာ မတ်တပ်ရပ်စကားပြောတဲ့ စင်နဲ့အတူတူပါပဲ။
စိတ်ထဲ မွန်းကျပ်သလို ခံစားရလို့ အသက်ကို ပြင်းပြင်း ရှူလိုက်ပါတယ်။
စိတ်ကိုတည်ငြိမ်အောင် ကြိုးစားရင်း စကားစပြောလိုက်ပါတယ်။
"မင်္ဂလာနံနက်ခင်းပါ"
ကျွန်တော့်အသံက ပဲ့တင်ထပ်သွားပါတယ်။
"ကျွန်တော့်နာမည်က ''မိုက်ရိုင်လေ'' Mike Riley ပါ။ ကျွန်တော်က ဆရာဝန် တစ်ယောက်မဟုတ်ပါဘူး။
ဘဏ်လုပ်ငန်းရှင်လည်း မဟုတ်ပါဘူး။ ကျွန်တော် ကောလိပ်တောင် မပြီးခဲ့ပါဘူး။ ကျွန်တော်က ထရပ်ကားမောင်းသမားတစ်ယောက်ပါ။''
အခန်းထဲက တိတ်ဆိတ်မှုက ပြောင်းလဲသွားပါတယ်။
ယဉ်ကျေးတဲ့ အာရုံစိုက်မှုကနေ.... အေးစက်ပြီး စိတ်မဝင်စားတော့သလို မျက်နာအမှုအရာများ ပြောင်းလဲသွားပါတယ်။
စီးပွားရေးအကြောင်းဟောပြောခဲ့တဲ့ လုပ်ငန်းရှင်ကြီးက ဖုန်းသုံးနေပါတယ်။
"ကျွန်တော့်သားက ကျွန်တော့်ကို 'ထောက်ပံ့ရေးနဲ့ပို့ဆောင်ရေး ကျွမ်းကျင်သူ' လို့ ခေါ်ပါတယ်။ အရမ်းကြီးတဲ့ ထရပ်ကားကို အကြာကြီး မောင်းတဲ့သူလို့ ယဉ်ယဉ်ကျေးကျေး ပြောတာပါ။ အဲ့ဒီအကြောင်းတွေ ပြောပြဖို့ ဒီကို ရောက်လာတာလို့ ထင်ပါတယ်။"
ကျွန်တော် ဒေါက်တာချန်ကို ကြည့်လိုက်တယ်။
"ဆရာမခင်ဗျာ......လေးစားစွာနဲ့ ပြောရရင် ဆရာမလုပ်တဲ့အလုပ်က အံ့မခန်းပါ.... အသက်တွေကို ကယ်တင်နိူင်ပါတယ်။ ဒါပေမဲ့ ဆရာမသုံးတဲ့ ဦးနှောက်မြေပုံ ဆွဲစက်က..... ဆေးရုံမှာ ရုတ်တရက် ပေါ်လာတာ မဟုတ်ပါဘူး....ပလတ်စတစ် ဝါယာကြိုးတွေ၊ မိုက်ခရိုချစ်ပ်တွေ... အဲဒါတွေအားလုံးက မတူညီတဲ့ စက်ရုံတွေက လာခဲ့တာပါ...''
" အဲဒါတွေကို အနေအထားမျိုးစုံနဲ့ ၊ ထရပ်ကားပေါ် တင်ပြီး ကျွန်တော့်လို ကားဆရာတွေက မိုင် ၂၀၀၀ လောက် မောင်းနှင်ခဲ့တာပဲ။"
ကျွန်တော်က စီးပွားရေးသမားဆီ လှည့်လိုက်ပါတယ်။
"ဆရာရဲ့ ဂရပ်တွေက အထင်ကြီးစရာပါ။ ဒါပေမဲ့ အဲဒီကိန်းဂဏန်းတွေက... အိုင်အိုဝါပြည်နယ်ကထွက်တဲ့ ပြောင်းဖူး.... အိုဟိုင်းယိုးပြည်နယ်ကထွက်တဲ့ သံမဏိ....ကယ်လီဖိုးနီးယား ဆိပ်ကမ်းက ကွန်ပျူတာတွေ...အဲ့ဒီပစ္စည်းတွေ ကို ကိုယ်စားပြုပါတယ်.....''
"ဒီနိုင်ငံက ဝဘ်ဆိုဒ် မဟုတ်ပါဘူး။ ကွန်ပျူတာရဲ့ ညွှန်ကြားချက်တွေနဲ့ အစားထိုးလို့ မရနိုင်ပါဘူး...''
" အမှန်တကယ်၊ ရုပ်ပိုင်းဆိုင်ရာ အားလုံးကို ဆက်သွယ်ပေးတဲ့ တစ်ခုတည်းသောအရာက... အဝေးပြေးလမ်းတွေပါပဲ... ပြီးတော့ အဲ့ဒီလမ်းမကြီးတွေပေါ်မှာ မရပ်ဘဲ ဆက်မောင်းနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေပါပဲ။"
အခန်းထဲမှာ အသံတိတ်နေပါတယ်။
"၂၀၂၀ ပြည့်နှစ် မတ်လမှာ" လို့ ကျွန်တော် ပြောလိုက်ပါတယ်၊
"ကမ္ဘာတစ်ခုလုံး lookdown ချပြီး ပိတ်ပစ်လိုက်တော့ ခင်ဗျားတို့အားလုံး ဘေးကင်းဖို့ အိမ်မှာနေဖို့ အမိန့်ပေးခံခဲ့ရပါတယ်... ခင်ဗျားတို့ ပေါင်မုန့်ဖုတ်တတ်အောင် သင်ခဲ့ရတယ်....အိမ်မှာပဲ ပဟေဠိတွေလုပ်ပြီး ဖြေရှင်းခဲ့ကြတယ် ... ကျွန်တော်တို့ကိုတော့ ဆက်မောင်းဖို့ ပြောခဲ့ပါတယ်..''
ကျွန်တော် အပြင်မှာ ရှိနေခဲ့ပါတယ်။ အဝေးပြေးလမ်းတွေက လုံးဝရှင်းနေတယ်၊ ကမ္ဘာပျက်ပြီးနောက်ပိုင်း ရုပ်ရှင်တွေ ထဲကလိုပါပဲ.. ဘယ်သူမှ မရှိဘူး.... ကျွန်တော်နဲ့ တန်ချိန် ၄၀,၀၀၀ အလေးချိန်ရှိတဲ့... အိမ်သာသုံးစက္ကူတွေပဲရှိပါတယ်''
" ဟုတ်တယ်၊ ကျွန်တော်က အိမ်သာသုံးစက္ကူ သယ်တဲ့လူပဲ...ခင်ဗျားတို့ ရယ်ချင် ရယ်... ဒါပေမဲ့ ကျွန်တော့်တို့ ကားကြီးကြပ်သူ က သူ့ရဲ့အမေ အတွက် အိမ်သာသုံးစက္ကူတွေ ရှာမတွေ့လို့ဆိုပြီး ငိုပြီး ဖုန်းဆက်ခဲ့တယ်။''
" ကျွန်တော်သာ မလုပ်ဘူးဆိုရင် ဆိုင်တွေက စင်တွေပေါ်မှာ ဗလာကျင်းနေဦးမယ်ဆိုတာ သိလို့ ပြည်နယ်သုံးခုကို ဖြတ်ပြီး ၁၈ နာရီဆက်တိုက် မောင်းခဲ့ပါတယ်။ အလေးချိန် ငါးပေါင်ရှိတဲ့ အာလူးတစ်အိတ်ကို Zoom နဲ့ပို့လို့မရပါဘူး။ လက်သန့်ဆေးရေဗူးတွေကို download ဆွဲလို့မရပါဘူး။"
ဆရာမအချို့နားထောင်ရင်း ခေါင်းငြိမ့်နေတာကို ကျွန်တော် တွေ့လိုက်ရပါတယ်။ ကလေးတွေက ရှေ့ကို ငိုက်ပြီး အာရုံစိုက် နားထောင်နေကြပါတယ်။
"လွန်ခဲ့တဲ့ ဆောင်းရာသီ နှစ်ခုက" ကျွန်တော့်အသံက အနည်းငယ် ပိုတင်းမာလာသလိုပါပဲ။
"ကျွန်တော်ကားဟာ ဝိုင်အိုမင်း - Wyoming ပြည်နယ် လမ်းမကြီးပေါ်မှာ ပိတ်မိနေခဲ့ပါတယ်။ ဆီးနှင်းမုန်တိုင်းကြောင့် ပြည်နယ်တစ်ခုလုံးကို အသွားအလာ ပိတ်ပစ်လိုက်တာပါ။ ကျွန်တော် ကားထဲမှာပဲ ၇၂ နာရီ ထိုင်ခဲ့ရတယ်။ အပူချိန်က သုညအောက် ၂၀ ဒီဂရီရှိတယ်... ကျွန်တော် အိပ်လို့မရခဲ့ဘူး... အအေးဒဏ်ကြောင့် မဟုတ်ပါဘူး... တဝီဝီမြည်နေတဲ့ အသံတွေကြောင့်ပါ။ ''
" ကျွန်တော့်နောက်တွဲယာဉ်ပေါ်က ရေခဲသေတ္တာထဲက တဝီဝီမြည်သံပါ။ ကျွန်တော်က ဆီးချိုသမားတွေအတွက် အရေးကြီးတဲ့ အသက်ကယ်ဆေး အင်ဆူလင်ကို အပြည့် သယ်လာတာပါ။ဆီကုန်ပြီး ရေခဲသေတ္တာရပ်သွားရင်...ဒါမှမဟုတ် ကျွန်တော် လက်လျှော့ပြီး ခိုလှုံစရာ တနေရာရာကို သွားလိုက်ရင်... ဒီပစ္စည်းအားလုံး၊ ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိတဲ့ ပစ္စည်းတွေ အလဟဿ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် ပိုက်ဆံကို မစဉ်းစားခဲ့ပါဘူး။ ဒီဆေးတွေကို စောင့်နေတဲ့ လူတွေအကြောင်းပဲ စဉ်းစားခဲ့ပါတယ်။''
'' ကျွန်တော် အဲဒီမှာ ထိုင်နေခဲ့တယ်။ အအေးခံထားတဲ့ ရိက္ခာတွေ စားခဲ့တယ်။ နာရီဝက်ကြာတိုင်း ကားထဲက ဆီနဲ့ အပူချိန်တိုင်း ကိရိယာကို စစ်ဆေးခဲ့တယ်။ အားလုံး သုံးရက်ကြာပါတယ်..''
" ကျွန်တော် စစ်တပ်မှာ ၁၂ နှစ်... ဒီနိုင်ငံအတွက် အမှုထမ်းခဲ့တယ်....ဒါကို ကျွန်တော် လုပ်ဖူးသမျှတွေထဲမှာ အခက်ခဲဆုံးအလုပ်လို့ ထင်ခဲ့တာ...တကယ်တော့ ကျွန်တော် မှားနေခဲ့တယ်... အဲ့ဒီဆီးနှင်းမုန်တိုင်းကမှ ပိုခက်ခဲတာပါ။ ''
လူအုပ်ထဲမှာ ကျွန်တော့်သားကို ရှာလိုက်ပါတယ်။ သူ ခုတော့ မတ်မတ် ထိုင်နေပါပြီ။ သူ့မျက်လုံးတွေက ကျွန်တော့်ကို စိုက်ကြည့်နေပါတယ်။
ရှေ့ဆုံးတန်းမှာ အနာဂတ်ရဲ့ စီအီးအို "Future CEO" စာသား တီရှပ်ဝတ်ထားတဲ့ ကလေးတစ်ယောက်က သူ့လက်ကို ထောင်လိုက်တယ်။ ပြီးတော့ ပြောပါတယ်။
"ဒါပေမဲ့၊ ဦးလေး ကောလိပ် ဆက်မတက်ခဲ့တာကို နောင်တမရဘူးလား? ကျွန်တော့်အဖေက ဒီလိုအလုပ်တွေလုပ်တဲ့လူတွေက... တခြားရွေးချယ်စရာမရှိတဲ့သူတွေပဲလို့ ပြောတယ်"
အခန်းထဲက အပ်ကျသံ ကြားရလောက်အောင် တစ်ခန်းလုံး တိတ်ဆိတ်သွားတယ်။ ကျောင်းအုပ်ကြီးရဲ့ အသက်ရှူသံ တိုးတိုးလေး ကြားလိုက်ရတယ်။
ကျွန်တော် အဲဒီကလေးကို ကြည့်လိုက်တယ်။ ကျွန်တော် ဒေါသမထွက်ပါဘူး။
"သား..." ကျွန်တော် ပြောလိုက်တယ်။
"မင်းရဲ့ လမ်းကြောင်းကို ဦးလေး လေးစားပါတယ်။ ဒါပေမဲ့ မုန်တိုင်းဒဏ်တွေကြောင့် မီးပျက်သွားတဲ့အခါ မင်းရဲ့ ကျောင်းစာအုပ်တွေကို မှောင်ထဲမှာ မင်းဖတ်လို့မရဘူး...''
" မီးကြိုးပြင်တဲ့သူတွေကို စောင့်ရတယ်။ မင်းရဲ့ အိမ်သာပိုက် ပိတ်သွားတဲ့အခါ မင်းရဲ့ စီးပွားရေးဘွဲ့က ပိုက်တွေကို ပြင်ပေးလို့မရဘူး.... မင်း ပိုက်ပြင်သမားကို ခေါ်ရတယ်.... မင်း စတိုးဆိုင်ကို သွားတဲ့အခါ အဲ့ဒီနေရာမှာ စားစရာတွေ အသင့် ရှိနေလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ မီးတွေ လင်းနေလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ကမ္ဘာကြီးက အလုပ်လုပ်နေလိမ့်မယ်လို့ မင်း မျှော်လင့်ထားတယ်...''
" ဦးတို့က မင်းရဲ့ကမ္ဘာကြီးကို အလုပ်ဖြစ်အောင် နောက်ကွယ်ကနေ လုပ်ပေးနေရတဲ့လူတွေပဲ။ ဦးတို့ ဒီလိုလုပ်ပေးရတာကို ဂုဏ်မယူဘူးလို့ သား မတွေးပါနဲ့ ..''
တိတ်ဆိတ်နေတဲ့ကြားကနေ အသံအသစ်တစ်ခု ထွက်ပေါ်လာတယ်။ ကျွန်တော့်အသံ မဟုတ်ပါဘူး။
"ကျွန်တော့်အမေက ကားသမားကြီးတွေကို ကြီးကြပ်တဲ့သူ ပါ"
နောက်နားကနေ ပိန်ပိန်ပါးပါး ကလေးတစ်ယောက် ထရပ်လိုက်ပါတယ်။
သူ့အသံက အနည်းငယ် တုန်ခါနေပါတယ်။
"ကျွန်တော့်... ကျွန်တော့်အမေ.... သူက ပစ္စည်းတွေပို့တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။ သူက ဖုန်းခေါ်ဆိုမှုတွေကို ဖြေကြားတဲ့သူပဲ။ လူတွေက သူ့ကို တစ်နေကုန် ဆူပူ အော်ဟစ်ကြတယ်။ ပါဆယ် နောက်ကျရင် သူ့ကို ငပျင်းလို့ ခေါ်ကြတယ်။"
သူ့အသံက အနည်းငယ်တိမ်ဝင်သွားပြီး မျက်ရည်တွေက သူ့မျက်နှာပေါ်မှာ စီးကျလာပါတယ်။
"ဒါပေမဲ့ ဆေးရုံတစ်ခုက ပစ္စည်းပြတ်နေပြီလို့ ဖုန်းခေါ်တဲ့အခါ... ဦးလေးလို ကားသမားတစ်ယောက်ကို ရှာပေးရတဲ့သူကတော့.... သူပါပဲ။ ဆေးဝါးတွေ အချိန်မီ ရောက်ဖို့အတွက် ခရစ္စမတ်လိုညမျိုးမှာတောင် စကရင် မျက်နှာပြင်ပေါ်က ပစ္စည်းသယ်ပို့တဲ့ လမ်းကြောင်း အစက်အပြောက်တွေကို ရွှေ့ပြီး ....တစ်ညလုံး အလုပ်လုပ်ရတဲ့သူပဲ။ သူ ပျင်းတာ မဟုတ်ပါဘူး။"
အနာဂတ်ရဲ့ စီအီးအို "Future CEO" ဝတ်စုံဝတ်ထားတဲ့ ကလေးကို သူ တည့်တည့်ကြည့်လိုက်ပါတယ်။
" မင်းအဖေ မှားတယ်။ ငါ့အမေက သူရဲကောင်းပါ။ ဒီကားဆရာ ကြီလည်း သူရဲကောင်းတစ်ယောက်ပါပဲ။ ''
အခန်းထဲမှာ အသံတိတ်နေလို့ အပ်ကျသံကိုပင် ကြားရနိုင်ပါတယ်။ စီးပွားရေးသမားက သူ့ဖုန်းကို ချလိုက်တယ်။ ဦးနှောက်ခွဲစိတ်ဆရာဝန်က သူ့လက်တွေကို ကြည့်နေတယ်။
ပြီးတော့ ကျွန်တော့်သား ဂျေဆင်... ထိုင်ရာကနေ ထရပ်လိုက်ပါတယ်။
အခန်းနောက်ဘက်ကနေ ရှေ့ကို တည့်တည့်လျှောက်လာပြီး ကျွန်တော့်ဘေးမှာ ရပ်လိုက်ပါတယ်။
သူ့လက်ကို ကျွန်တော့်ခါးမှာ ဖက်ထားပါတယ်။ သူ ဘာမှ မပြောပါဘူး။ ပြောစရာလည်းမလိုခဲ့ပါဘူး။
အဲဒီနောက်ပိုင်းတော့ ဘာဖြစ်သွားမှန်း ကျွန်တော် မမှတ်မိတော့ပါဘူး။ တချို့လူတွေ လက်ခုပ်တီးတယ် ထင်ပါတယ်။
ကျောင်းအုပ်ကြီးက ကျွန်တော့်လက်ကို ဆွဲပြီး နှုတ်ဆက်လိုက်တော့ သူ့မျက်လုံးတွေမှာ မျက်ရည်တွေ စိုနေပါတယ်။
အိမ်အပြန်လမ်းမှာ ဂျေဆင် တိတ်ဆိတ်နေပါတယ်။ နောက်ဆုံးတော့ သူ ဒီလိုပဲ ပြောလာပါတယ်။
"အဖေရဲ့အင်ဆူလင် အကြောင်းကို သား တစ်ခါမှ မသိခဲ့ဘူး။ အဲဒါက... အံ့ဩစရာပဲ။"
"ဒါက အလုပ်သက်သက်ပဲလေ သား။"
"မဟုတ်ဘူး၊ အဲဒါ အလုပ်သက်သက် မဟုတ်ဘူး" လို့ သူပြောပါတယ်။
အမှန်တရားကို ပြောရမယ်ဆိုရင် ဒီနိုင်ငံဟာ စာရင်းဇယားတွေ၊ ကိန်းဂဏန်းတွေချည်းနဲ့ပဲ တည်ဆောက်ထားတာ မဟုတ်ပါဘူး။
အမာရွတ်တွေပေါ် တည်ဆောက်ထားတာ။ ချွေးတွေနဲ့ သံမဏိတွေပေါ်မှာ တည်ဆောက်ထားတာပါ။
မီးရောင်တွေလင်းထိန်နေဖို့နဲ့ စင်တွေပေါ်မှပစ္စည်းတွေ ပြည့်နေဖို့အတွက်.... မုန်တိုင်းတွေကြား၊ ကပ်ရောဂါတွေကြားမှာ ၂၄ နာရီပတ်လုံး မရပ်မနား အလုပ်လုပ်နေတဲ့သူတွေရဲ့ ကျောပေါ်မှာ တည်ဆောက်ထားတာပါ။
ကျွန်တော်တို့ကို မမြင်ကြတာပါ။ကျွန်တော်တို့က ပျောက်ကွယ်နေတာ မဟုတ်ပါဘူး။
နောက်တစ်ကြိမ် ကလေးတစ်ယောက်နဲ့ တွေ့တဲ့အခါ "မင်း ဘယ်ကောလိပ်ကို သွားမလဲ" လို့ မမေးပါနဲ့။
"မင်း ဘာလုပ်ချင်လဲ " လို့ သူတို့ကို မေးပါ။
ပြီးတော့ သူတို့က ....
"ကျွန်တော် ဂဟေဆော်တဲ့ပညာ သင်မယ်"...ဒါမှမဟုတ် "ကျွန်တော် ပိုက်ပြင်သမား ဖြစ်အောင်သင်မယ်"....ဒါမှမဟုတ် "ကျွန်တော့်အဖေလိုပဲ ကုန်တင်ကားကြီးတွေ မောင်းမယ်" လို့ ပြောလာခဲ့ရင် သူတို့ရဲ့ မျက်လုံးကို ကြည့်ပြီး ...
"ဒီနိုင်ငံက မင်းကို လိုအပ်တယ်။ ငါတို့အားလုံး မင်းကို အားကိုးနေကြတယ်လို့....ပြောလိုက်ပါ။ ''
Saya U Khin Zaw ( ဘာသာပြန် )