04/12/2025
Food For thoughts
မြန်မာပြည်အပြီးပြန်သွားတဲ့ကိုမင်းယျာတစ်ယောက်ဘာတွေလုပ်နေပါလိမ့်ဗျာ..
ကျနော့်အကောင့်အဟောင်းလေးဝင်မရတော့လို့ ကိုမင်းယျာနဲ့အဆက်အသွယ်မရှိတော့ပေမဲ့ ဖုန်းထဲမှာကျန်နေသေးတဲ့ကိုမင်းယျာရေးပြီး စာဖတ်သူရင်ထဲကိုရောက်ခဲ့တဲ့
ဝက်သားစားစောခဲ့တယ်ဆိုတဲ့ post လေးကို
နောက်လူတွေလည်း ဝက်သားစားစောသင့်မစောသင့် တွေးတောလို့ရအောင် ကူးယူဖော်ပြလိုက်ပါတယ်။
ကျနော်လည်း ငွေအသုံးလွန်တိုင်း
ငါဝက်သားစားစောသွားပြီလားဆို
အမြဲသတိရစေမိတဲ့စာလေးမို့ သိမ်းထားမိတာလေးပါ။❤️
ကိုမင်းယျာခင်ဗျ
ကူးယူဖော်ပြခွင့်လေးတောင်းဆိုပါတယ်။
Moezatt
Iink လေးကတော့ အကောင့်အသစ်ပါ
https://www.facebook.com/share/17fpbtbbBd/?mibextid=wwXIfr
Comment မှာလည်းထည့်ပေးထားပါမယ်။
Yar
'ဝက်သား စားတာ စောခဲ့တယ်'
ဒီနေ့ မပြောဖြစ်တာကြာပြီ ဖြစ်တဲ့ အဖေနဲ့ ဖုန်း ရတယ် ဗျ...
'သား ......ရွာမှာ အလှူ လှူဖို့ ငွေစု ပြီးပြီလား'
'မစုဖြစ်သေး ပါဘူး အဖေရာ....
သမင်မွေးရင်း ကျားစားရင်း ပါပဲ....
အရင်ဖုန်း ပျောက်သွားလို့ နောက်ထပ် အသစ်ထွက်တဲ့ iPhone လဲလိုက်တယ် အဖေ...
အသစ်ထွက်တဲ့ ဖုန်းက အရမ်းမိုက်တယ် အဖေ ရ.....' ပြောမိတော့....
'သား.... ဝက်သားစား မစောနဲ့ နော်...' လို့ မှာရှာတယ်..
ကျွန်တော် ငိုင်သွားတယ်....အဖေဘာများ ပြောပါလိမ့်.....ပေါ့။
အမြဲတမ်း ဇာတ်လမ်းလေးတွေနဲ့ ဆုံးမတတ်တဲ့ အဖေ့ အကြောင်း ပြန်စဉ်းစားတော့ အခု ဇာတ်လမ်းလေး ပြန်ထွက်လာတယ်ဗျ...။အဖေ ဆုံးမခဲ့တဲ့ ဇာတ်လမ်းလေးကို ကြိုးစားပြီး တင်ပြပေးပါ့မယ် ဗျာ...။ကြားဖူးကြမယ်လို့လဲ ထင်ပါတယ်။ .........................
'ဝက်သား စားတာ စောခဲ့တယ်'
(၁)
'ငါ...ဒီဆိုင်ကို မဝင်ဖြစ်ခဲ့ရင် ကောင်းသားကွာ' ....ဆိုတဲ့ အတွေး ရယ် ....
ယူကျုံးမရတဲ့ နောင်တ တစ်ခုရယ်...
ကြီးမား မှန်ကန်တဲ့ အသိတရားတစ်ခု ရယ် ...နဲ့ ဦးစိန်မောင် ပါးပြင်ပေါ် ရေစီးကြောင်းတစ်ခုက
ပူကနဲ စီးဆင်းသွားပါတော့တယ်။
(၂)
'သူငယ်ချင်း ဒီနေ့ ဘာဟင်းလဲဟေ့...
ငါတော့ ဝက်သားချက်တယ် လှမြင့် ရ..
စားပါ ဦး...'
'ထုံးစံအတိုင်း ကုလားပဲ ဆံကြော် လေးနဲ့ ဆီဆမ်း၊ဆားဖြူးပေါ့ စိန်မောင် ရာ...
မေးစရာ လိုသေးလို့လား ဟ'
'တစ်ခါ တလေ လေး ဝက်သားဟင်းလေးဘာလေး ချက်စားစမ်းပါဦး သူငယ်ချင်းရာ...
မနေ့က ရွာတောင်ပိုင်းက ဝက်ပေါ်လို့ စားရတာဟ...စားရခဲ တယ်...
ငါတောင်မှ ငါးပိသာ ဆွဲထားလိုက် သဟေ့။'
'ဝက်သား စားဖို့ စောပါသေးတယ် စိန်မောင် ရာ...'
စိန်မောင် တစ်ယောက် သူငယ်ချင်းဖြစ်သူ လှမြင့် အဖြစ်ကို နားမလည် ပဲ ကြောင်စီစီ ကြည့်ပါတော့တယ်။
တကယ်ဆို အခုချိန် ဝက်သား ဘာလို့ မစားသင့် မှာလဲ....နားမလည်နိုင်။ သူငယ်ချင်း နှစ်ယောက် ဒိုးတူပေါင်ဘက် လွှဆွဲ စားလာကြတာ ကြာလှ ပေါ့။
ဒီကောင် လှမြင့်ကိုက ကပ်စီး အတော်နည်းတဲ့ ကောင်...။
ကိုယ့် ဝမ်းကိုတောင် မသထာ တဲ့ကောင်။
အခုရာသီ ရွာမှာ အိမ်သစ်ဆောက်တဲ့ သူတွေ ပေါတော့ သစ်ပင်ကနေ သစ်သား ဖြစ်အောင်
လွှဆွဲစား ကြတဲ့ စိန်မောင်တို့ နှစ်ယောက် လက်မလည်အောင် အလုပ်ရကြတယ် ။
ငွေလည်း ရွှင် နေတဲ့ အချိန်ပေါ့။
ဝက်သား ကြိုက်တဲ့ စိန်မောင် အတွက်တော့
နေ့တိုင်း ဝက်သား စားရတဲ့ ရာသီပါပဲ...။
ဒီလိုအချိန်မှာ ကပ်စီးကုပ်ပြီး နေ့တိုင်း ကုလားပဲ ဆံကြော်နဲ့ ထမင်းဆီဆမ်း နေ့တိုင်း ထုပ်လာတဲ့ လှမြင့် ကို နားမလည်တာတော့ အမှန်။
အခု နှစ်ယောက်သား အလုပ်သိမ်း လို့ အိမ်ပြန်ချိန်မှာလည်း ကြည့်...
လှမြင့်က သစ်ဆွဲလို့ ထွက်လာတဲ့ ပကာသားတွေ ကြိုးနဲ့ စည်းပြီး ရွာထိ ထမ်းပြန်ဦးမယ်...။
'လှမြင့် အဲဒီ ပကာတွေက ဘာလုပ်ဦး မလို့လဲ...'
'အိမ်မှာ ထင်းဆိုက်ဖို့ပေါ့ဟ စိန်မောင်ရ'
'ဟာ....အများကြီး ကွာ...မင့်အိမ်မှာ မင့်ကလွဲလို့ ခွေးတစ်ကောင်တောင် မရှိတဲ့ တစ်ကောင်ကြွက် ပဲဟာ....'
'ငါ ထင်းဆိုက်လို့ ပိုတော့ အိမ်နီးချင်းတွေ ပေးလိုက်တာပေါ့ကွာ...ကုသိုလ်တောင်ရသေး...'
'ကြိုးစား...ကြိုးစား...လှမြင့် ရေ..
စိန်မောင်တို့က တော့ မောမယ့် အလုပ်
လေတောင် မချွန်ဘူးဟေ့...'
(၃)
'မိလှ စုထားတဲ့ ငွေ လေး ရေကြည့်စမ်းဟာ...'
'မနက်က ကျုပ်ရေကြည့်ထားတာတော့ ခြောက်ရာ အစိတ်တင်း ရှိတယ် တော့...'
'လွှက လုံးဝကို ဆွဲမရတော့ဘူး ဟ...မနက်ဖြန် မြို့တက်ဝယ်ရမယ်...
အိမ်အတွက် လိုတဲ့ ဆန်လေးရယ် နို့ညှာကောင်အတွက် အားဆေးလေးရယ် ဝယ်ခဲ့မယ်...
လိုတဲ့ ငွေလေးရာလောက်တော့ မသန်းရီဆီက တစ်ဆယ်တိုးပဲ ယူရတော့မှာပေါ့ဟာ....'
ကိုစိန်မောင် တစ်ယောက် ငယ်ငယ်ကလို တင်းတင်းရင်းရင်း မရှိတာ့ပဲ ကလေး တွေနဲ့ ဖက်သီလိုက်နေတဲ့ သူ့မိန်းမ မယ်လှရယ်..
နို့ပိန်ကို ကပ်တွယ်နေတဲ့ မယ်လှ ရင်ခွင်ထဲက နို့ညှာ ကောင်ရယ်...ကြည့်ပြီး
သက်ပြင်း လေးလေးကြီး ဆွဲမိပါတော့တယ်...
'ဟူး....ဒီ မိုးဦးကျ အိမ်လည်း မိုးရဦးမယ်...ကလေးသုံးယောက်နဲ့ လူကြီးနှစ်ယောက်စားအိုးကကြီး...။လွှဆွဲတာပဲ လုပ်စားတတ်တဲ့ စိန်မောင် အဖို့ရာသီချိန်ပြီးရင် ဝင်ငွေက မရှိပြန်...။
တော်ပါသေးရဲ့လေ...အကြီးကောင်ကြီးက လွှကူဆွဲပေးနိုင်လာလို့ပဲ ကူဖော်လောင်ဘက် လေးရလာလို့ တော်သေးတာ ....ပ။
'ဘာလိုလို နဲ့ အကြီးကောင်ကြီးတောင် ရှင်ပြုပေးရတော့မှာပါလား...ဝက်သားကျွေးလေးနဲ့ လှူလိုက်ရရင် ဘယ်လောက် ကောင်းလိုက်မလဲ...
ပြောရင်းဆိုရင်း ဝက်သားမစားရတာ ကြာပါပေါ့လား ဟာ....'
ဦးစိန်မောင် တစ်ယောက် တစ်ယောက်တည်း ညီးတွားသလို ရေရွတ်နေရင်းက မစားရတာကြာပြီဖြစ်တဲ့ ဝက်သားဟင်းလေးကို မြင်ယောင်ရင်း လည်ချောင်းထဲမှာ
'ဂလု' ကနဲ တံတွေးမြိုချ လိုက်မိပါတော့တယ်။
(၄)
'လှမြင့် ကုန်မာဆိုင်'
ဆိုင်ကြီးက ကြီးမားကျယ်ဝန်းသလောက် ပစ္စည်း အမျိုးစားတွေကလည်း စုံလင်တာကို ကိုစိန်မောင်တစ်ယောက် တဆိုင်လုံး ပတ်ကြည့်ရင်း သွားရည် ကျမိတယ်....။ဘေးမှာလည်း သုံးထပ်တိုက်ကြီးနဲ့ ချမ်းသာလိုက်ကြတာ။
သစ်ဆွဲလွှတွေ ထားတဲ့ နေရာအရောက် ကြည့်နေရင်းက
အင်း ...လိုချင်တာက ဂျပန်ဘဲငန်းတံဆိပ်၊ ဈေးက ရှစ်ရာကျော် ဘယ်လိုမှ မကပ်နိုင်၊ ဒါနဲ့ တရုတ်ဖြစ် လွှတစ်ချောင်းကိုပဲ မျက်စိမှိတ်ယူပြီး ကောင်တာငွေရှင်းဖို့အသွား....
ကောင်တာမှာ ထိုင်နေတဲ့ သန့်ပြန့်နေတဲ့ လူတစ်ယောက်က...
'ဟာ...သူငယ်ချင်းစိန်မောင် ဘာလာလုပ်တာလဲ.. '
'ကျုပ် ...ကျုပ် လွှလာဝယ်တာပါ....'
'ဟေ့ကောင် ဘာတွေ ကြောင်နေတာလဲ...စကားတွေတောင်ထစ်လို့ကွာ....ငါ မင်းနဲ့ လွှ အတူဆွဲခဲ့တဲ့ လှမြင့်လေကွာ...'
ကိုစိန်မောင်တစ်ယောက် ဆွံ့အ မှင်သက်နေရင်း သန့်ပြန့်နေတဲ့ သူဌေးလှမြင့်ကို ကြည့်ရင်းက ဟောင်းနွမ်း ညစ်ပေပြီး အဘိုးအိုရုပ် ပေါက်နေတဲ့ ကိုယ့်အဖြစ်ကို သိမ်ငယ်စွာ ငုံ့ကြည့်မိ နေပါတော့တယ်။
'ကဲ အံ့ဩနေလဲ ပြီးမှ အံ့ဩတော့ ကွာ ...လာ ဆိုင်ဘေးက ငါ့အိမ်သွားရအောင်...
အိမ်မှာ မင်းကြိုက်တဲ့ ဝက်သားချက်တယ်ကွ'
လှမြင့်က သူအိမ်ခေါ်သွားပြီး ကိုစိန်မောင်ကို ထမင်း ကျွေးပါတော့တယ်....။
ကိုစိန်မောင်တစ်ယောက် ဆယ်စုနှစ်လောက် မစားရတာ ကြာပြီဖြစ်တဲ့ ဝက်သားဟင်းနဲ့ ထမင်းကို ခေါင်းမဖေါ်နိုင်အောင် စားနေပါတယ်။ ကိုလှမြင့်ကတော့ ပီတိအပြုံးတွေနဲ့ ကြည့်လို့ပေါ့...။
စားလို့ သောက်လို့ အပြီးမှာတော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း ....
'ကဲ ...စိန်မောင် အခု လာဝယ်တဲ့ လွှကို မဝယ်တော့နဲ့....ဒီထက်ကောင်းတဲ့ လွှ ငါလက်ဆောင် ပေးလိုက်မယ်...ဟုတ်ပြီလား..
အိမ်က ကလေးတွေဖို့လည်း ဝက်သားဟင်းတွေ မုန့်တွေ ထည့်ပေးလိုက်မယ်...'
'ဘုရားမတာပဲ...ကျေးဇူးပါလှမြင့်ရာ....အခု လာဝယ်တာ ငွေတိုး ယူခဲ့ရတာဟ...
ဒါနဲ့ လှမြင့် ....ငါတို့မတွေ့ဖြစ်တဲ့ ၁၅ နှစ် အတွင်း မင်းဘယ်လိုဖြစ်ပြီး ဒီလောက်ချမ်းသာ သွားတာလဲ.....
သိန်းထီပေါက်လို့လား....
ချမ်းသာတဲ့ မိန်းမရလို့လား.....
ရွှေထုပ်ကြီး ကောက်ရလို့လား...'
ကိုလှမြင့်ရဲ့ ပြန်ဖြေတဲ့ အဖြေကို သိရချိန်မှာတော့ ကိုစိန်မောင် တစ်ယောက် နောင်တကြီးစွာ ခေါင်းငိုက်စိုက် ကျသွားခဲ့ပါတော့တယ် ..။
'မင်း ပြောတာ တစ်ခုမှ မဟုတ်ဘူး စိန်မောင်၊
ငါပြောခဲ့ဖူးတယ် မဟုတ်လား သူငယ်ချင်း..
ဝက်သားစားဖို့ စောသေးတယ် ဆိုတာလေ....
မင်းက ဝက်သားဟင်းနေ့တိုင်းစားနေတဲ့အချိန်က ငါ ကုလားပဲကြော် တစ်ဆုပ်နဲ့ ထမင်းစားခဲ့တယ်...
ငါ ငွေကို ချွေတာပြီး စုဆောင်းခဲ့တယ်....
ငါ အခု နေ့တိုင်း တသက်လုံး ဝက်သားဟင်းချည်းပဲ စားဦးမလား ....စားလို့ရပြီ လေ....
သူငယ်ချင်း....
'မင်း ဝက်သားစားတာ စောခဲ့တာကိုး ဟ
စိန်မောင် ရ'
*ကျွန်တော်လည်း ဝက်သားစား
စောမိခဲ့ပါတယ် ဗျာ *