16/09/2025
အိမ်မှာနေရတာများပြီး အမေ "ကင်ဆာ" ဖြစ်တော့မှ #တစ်ကိုယ်ရည်သုံးပစ္စည်း တွေ ဘယ်လောက်အရေးကြီးလဲဆိုတာ သိရသလို
နေမယ့် #အိမ်ဖွဲ့စည်းပုံ ကလည်း ဘယ်လောက်အရေးကြီးလဲ ပိုသိရတယ်။ 😔🏡
တိုက်တိုက်ဆိုင်ဆိုင် မနှစ်က ဒီလိုအချိန် အမေ့ လည်ပင်းမှာအကြိတ်တွေ ထွက်လာတာ (၂)ဘက်လုံး။ ရှေးလူကြီးတွေဆိုတော့ သစ်ဥသစ်ဖုလေးလိမ်း၊ ဆီလေးလိမ်းဆေးလေးလိမ်းပေါ့။ တဖက်ကတော့ နည်းနည်းသေးသွားပြီး၊ နောက်တစ်ဘက်က တဖြည်းဖြည်းကြီးလာတယ်။ စိတ်ထဲမှာလည်း ကင်ဆာလို့ကို မထင်တာ။ အဲ့ကနေ (၁)ပတ်လောက်ကြာတော့ အမေက ညအိပ်နေရင်း နှာခေါင်းသွေးတွေလို လျှံကျလာတာ။ သွေးအတုံးတွေရော အရည်တွေရော ရေခွက် တစ်ဝက်လောက်ကိုရတာ။ အဲ့ကနေ လန့်ဖြန့်ပြီး ဒီမှာ ပြတော့ နှာခေါင်းထဲမှာ အကျိတ်တွေ့တယ် အသားစထုတ်စစ်ရမယ်ဆိုတော့ မထူးဘူးဆို ဘန်ကောက်ပြေးကြရတာ။
စစ်ကြည့်တော့ ကင်ဆာပါပဲ။ အသက်ရှုလမ်းကြောင်းကင်ဆာတဲ့။ နှာခေါင်းအတွင်းထဲကနေ ဖြစ်တာ။ အဲ့ကနေ လည်ပင်းကိုကူးတာ။ လည်ပင်းက Secondary ပေါ့။ အဲ့အချိန်တုန်းက ရုန်းကန်ခဲ့ရတာတွေ၊ ပြိုလဲခဲ့ရတာတွေ၊ အားတင်းခဲ့ရတာတွေက တော်တော့်ကို ခံရဆိုးတယ်။ သမီးအကြီးလဲဖြစ်တော့ အရာရာကိုယ့်ခေါင်းပေါ်။ ကံကောင်းတာတခုက အမေ့ကင်ဆာက Early Stage တဲ့ ကုရင် ၉၀% ပျောက်ဖို့အာမခံတယ်လို့ပြောတယ်။
အဲ့တာနဲ့ ဘန်ကောက်မှာဆေးကု။ ပုပ္ပလိကဆေးရုံဈေးမတတ်နိုင်တော့ အစိုးရဆေးရုံရှာပြီးပြောင်း၊ အဆင်ပြေနေရင်းတန်းလန်း တစ်ဝက်တစ်ပြတ်နဲ့ ကိုဗစ်ဖြစ် ပြန်ပြေးလာရတာ။ ကီမိုသွင်းနေရင်းတန်းလန်းဆိုတော့ ကုသမှုလည်းမပြီးသေးဘူး။ ကြားထဲ ကိုဗစ်မွှေတော့ (၃)လက ထိုင်နေရတယ် ဆေးမကုရဘူး။ ကိုဗစ်ကလေး ပြန်ငြိမ်တော့မှ ဒီကဆေးရုံတွေစုံစမ်းပြီး ပင်လုံက ဆရာကြီးဦးမင်းဒင်နဲ့ ဆက်ကုတာ အခု အမေက ကီမိုလည်းသွင်းပြီး၊ ရောင်ခြည်လည်း ပေးပြီး ကုသမှုလည်း အောင်မြင်သွားခဲ့ပါပြီ။ အခုတော့ နေပြန်ကောင်းအောင် ကိုဗစ်ကြားထဲ ပိုးမွေးသလိုပြန်မွေးနေရတာပေါ့။
📌📌📌ပြောချင်တာက ဘာကြောင့်ဖြစ်နိုင်လဲ ဆိုတာပါ။ ဘာမှမဟုတ်တာလေးတွေက စုသွားတော့ အသက်အန္တရယ်အထိ ဒုက္ခပေးပြီး ငွေရေးကြေးရေး အကုန်ဒုက္ခပေးနိုင်တယ်ဆိုတာပါ။
(Google မှာရှာဖွေပြီး အဖြစ်နိုင်ဆုံးလို့ထင်တာပါ)
အမေတို့က လှူဖို့တန်းဖို့သာ မနှမြောတာ #ခေါင်းအုံးအသစ် #မွှေ့ယာအသစ်ဝယ်ရမှာကို တအားနှမြောတယ်။ ရှေးရိုးလဲဆန်တယ်။ သံယောဇဉ်လဲကြီးတယ်။ "အမေတို့မင်္ဂလာဦးမွှေ့ယာလေးတို့၊ သမီးငယ်ငယ်တုန်းက အိပ်ခဲ့တဲ့ခေါင်းအုံးတို့ အခုထိသုံးတယ်"။ အဲ့တော့ ဟိုးပဝေသနီက ခေါင်းအုံးတွေကို နေလှမ်းလိုက် ပြန်သုံးလိုက်နဲ့ နောက်ဆုံး အသက်ရှုလမ်းကြောင်းကင်ဆာပါဖြစ်ကရော။ ရန်ကုန်က စိုထိုင်းစများတယ် မှိုစွဲတာမြန်တယ်၊ ပစ်သင့်တာတွေ မပစ်ပဲ သိမ်းထား သုံးထားတော့ ရောဂါကိုမွေးသလို ဖြစ်သွားတော့တာ။
ဒါတောင် အမေက အပြင်စာမစားဘူး၊ အကုန်ချက်စားတာ။ သွေးတိုး၊ ဆီးချိုမရှိ၊ တခြားရောဂါမရှိတဲ့သူ။ တခုပဲ အမေက တအားအလုပ်လုပ်တယ်။ အိမ်ကိစ္စ၊ သာရေးနာရေး၊ လူမှုရေး၊ မိသားစုအရေး တစ်ရက်မှမနားဘဲ အနှစ် (၃၀) လောက် အလုပ်လုပ်တော့ ခန္တာကိုယ်က မခံနိုင်တော့တဲ့အချိန် ဖြစ်သွားတာလည်း ပါမှာပေါ့။
အခု အမေ့ကို အိမ်အပေါ်ထပ်ရွှေ့လိုက်တာလဲ အဲ့လိုပဲ။ အောက်ထပ်အခန်းက တစ်ခန်းလုံး မှိုစွဲနေတာ။ ပြန်ရှင်းလဲ ပြန်တက်နဲ့ အဝတ်အစားတွေကအစ၊ သုံးနေတဲ့ ထိုင်ခုံတွေအဆုံး မှိုတွေချည်း။ နွေဆိုရင် နေလို့ကောင်းပေမယ့် မိုးကျ မကောင်းတော့ဘူး။ ဘေးခြံနဲ့ကပ်ရပ် အခန်းကိုမှ ပြုတင်းပေါက်တွေရှိပါရဲ့ အလင်းကောင်းကောင်းမဝင် ၊ လေသန့်မရှုရတော့ ပိုဆိုးတယ်။ #ရှူလိုက်တဲ့လေမှာမှိုတွေပါလာတာအဆိုးဆုံးပေါ့
အရင်ခေတ်ကတော့ အိမ်ဆောက်တာ လက်သမားတွေနဲ့ပါပဲ။ အရှေ့အရပ် အပေါ်ထပ် အိမ်ဦးခန်းမှာ ဘုရားစင်။ အောက်ထပ်မှာ အိပ်ခန်းထားမယ်လို့သာ ရှေးရိုးစွဲလုပ်တာ။ လေဝင်လေထွက်၊ သဘာဝ အလင်းရောင်၊ အခန်း Rotation, အနံ့အသက် ထည့်မစဉ်းစားထားဘူး။ အခုကိုယ်ဖြစ်မှ သေချာသိတော့တာ။
အဲ့ကျတော့မှ အိမ်က ခေါင်းဦးအဟောင်းတွေ မွှေ့ယာအဟောင်းတွေ အကုန်ပစ်၊ မှိုတတ်နေတာတွေပစ်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ အိပ်ယာပြောင်းပေးရတယ်။
အဲ့တာကြောင့်မလို့
အိမ်မှာရှိတဲ့ ခေါင်းအုံး၊ မွှေ့ယာတွေကို သူ့သက်တမ်းနဲ့သူ လဲပေးကြပါ။ မှိုတက် ဒိတ်လွန်နေတဲ့ အစားအစာတွေမစားပါနဲ့။အသက်နဲ့ရင်းပြီး မနှမြောပါနဲ့။
တကယ်လို့ နေဖို့ အိမ်ဆောက်မယ်ဆိုရင် တတ်သိနားလည်တဲ့ ဗိသုကာပညာရှင်တွေ၊ Architect တွေဆီက အကြံတောင်းကြပါ။ လှဖို့ ခေတ်မီဖို့ထက် ကျန်းမာရေးနဲ့သင့်တော်တဲ့ အခန်းဖွဲ့စည်းပုံနဲ့ နေကြပါ။ အိမ်ဆောက်မှာ သိန်း (၁၀၀၀)လောက်ကုန်မယ်ဆို အာခီအတွက် ဒီဇိုင်းခပေးရမှာ မနှမြောပါနဲ့။ အပြင်ပုံလေးလှရုံ (၄၊၅) သောင်းနဲ့ဆွဲ ရောဂါဖြစ်တော့ကျ ငွေရော၊ စိတ်ရော၊ လူပါ ပင်ပန်းရပါတယ်။
ပြီးတော့ ဈေးပေါ လှရင်ပြီးရော ဆောက်လုပ်ရေးပစ္စည်းတွေ မသုံးကြပါနဲ့။ တစ်သက်လုံးနေရမယ့်အိမ်ပါ။ ကျန်းမာရေးအတွက် ကောင်းမယ့် အိမ်ဆောက်ပစ္စည်းတွေကိုပဲ ရွေးသုံးကြပါ။
အိမ်ဆောက်တာ ခိုလိုက်လို့ သိန်း (၁၀၀) လောက်သက်သာပေမယ့် ရောဂါဖြစ်ရင် သိန်းထောင်ချီကုန်ပါတယ်။ မိသားစုတစ်ခုလုံးလည်း စိတ်ပင်ပန်းရပါတယ်။
ကိုယ်တိုင်လည်း ခုမှသိရတဲ့ အသိပါ။
နောက်ကျမသွားတာကိုတင် ကျေးဇူးတင်မိတာ။
ကိုယ်နေတဲ့အိမ်ကနေ ကိုယ့်ရောဂါကို မွေးပေးတဲ့ အိမ်မဖြစ်ကြပါစေနဲ့ .... 🙏🏼🙏🏼🙏🏼
အကောင့်မှာတော့ တခါရေးဖူးပါတယ်။ အခုကိုဗစ်မှာ အိမ်ထဲနေရရင်း တခြားသူတွေကိုယ့်လို မဖြစ်အောင်ပါ။
ကင်ဆာရောဂါနဲ့ပတ်သတ်ပြီး အကူညီလိုရင်ပြောပါ။ နိုင်သလောက် ကူညီပေးပါ့မယ်🥰🥰🙏🏼🙏🏼
#မူရင်းရေးသားသူအားလေးစားစွာဖြင့်