Paing Paing

Paing Paing hello

�နေရာတကာ အလိုက်သိတာက ကောင်းတယ်ဆိုပေမဲ့ တချို့အရာတွေကိုတော့ မသိချင်ယောင်ဆောင်တတ်ရတယ် ဒါမှစိတ်ချမ်းသာရမှာပါ။သင်မရှိရင် မဖြ...
27/07/2024

�နေရာတကာ အလိုက်သိတာက ကောင်းတယ်ဆိုပေမဲ့ တချို့အရာတွေကိုတော့ မသိချင်ယောင်ဆောင်တတ်ရတယ် ဒါမှစိတ်ချမ်းသာရမှာပါ။

သင်မရှိရင် မဖြစ်ဘူးဆိုတာ လောကမှာမရှိဘူး နေအလင်းရောင်တစ်ခုတည်းနဲ့ကမ္ဘာကြီးလင်းနေရင် ညဆိုတာဖြစ်လာမှာမဟုတ်ဘူး‌လေ။

ဘဝမှာ နေရာတကာ လိုက်ပြီးတွေးပေးနေရင် ကိုယ်ပဲပင်ပန်းရလိမ့်မယ်။လွှတ်ချသင့်တဲ့အရာတွေကို လွှတ်ချတတ်အောင်သင်ယူပါ။ဆွဲထားသမျှပူလောင်နေရင် အဲ့ဒီရပ်ဝန်းမှာ ကြာကြာမနေနဲ့ မလိုအပ်တော့ဘူးဆိုရင် သိသာစွာပြောင်းလဲတတ်တာ လူ့သဘာဝပါ။

�ဒါကြောင့် မှန်နေရင်တောင် မငြင်းနဲ့တိတ်ဆိတ်နေခြင်းကပညာပါ။မြင်နေရင်တောင် မပြောပဲနေရမယ့်အနေထားဆိုရင် မသိ‌ချင်ယောင်ဆောင်ထားလိုက်ပါ တချို့တွေက စေတနာရဲ့တန်ဖိုးကို နားလည်မှာမဟုတ်ဘူး။

ဘဝမှာ အများကြီးပေးလို့အများကြီးပြန်ရတာဆိုလို့ မေတ္တာပဲရှိတယ် ဒါပေမဲ့ မေတ္တာနဲ့မထိုက်တန်တဲ့သူကိုပေးမိတဲ့အခါ ပြန်ရတာကနောင်တဆိုရင် အဲ့ဒီနောင်တအပေါ် ဒေါသဖြစ်ခြင်းကြောင့် ပေးသမျှမေတ္တာတွေက ဒဏ်ရာအဖြစ်ပြန်ရမယ့်အတူတူ မသိချင်ယောင်ဆောင်လိုက်တာက ပိုအေးချမ်းပါတယ်။

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။
#စိတ်ခွန်အား #ပညာပေး #စာပေ #ဗဟုသုတ #ဘဝ

27/07/2024
ဆန် #ခင်ခင်ထူး "ခိုးကြပြန်ပြီလားဟေ့။ ၀ရမ်းပြေးနဲ့ သူခိုးမ စပ်ကျတဲ့ ဟာတွေရဲ့။ ဘယ့်နှယ်တော် အိုကြီးအိုမ မုဆိုးမ ဆန် တောင် ...
27/06/2024

ဆန်

#ခင်ခင်ထူး

"ခိုးကြပြန်ပြီလားဟေ့။ ၀ရမ်းပြေးနဲ့ သူခိုးမ စပ်ကျတဲ့ ဟာတွေရဲ့။ ဘယ့်နှယ်တော် အိုကြီးအိုမ မုဆိုးမ ဆန် တောင် မနေရတော့ လူ့ပြည်မကောင်းတော့ပါဘူး။ မြစ်နားကမ်းနား မျောလာသမျှ ထင်းမှတ်လို့ ဆယ်ပါ သယ် ... မပွေးချည်းပါလား ကရို့ရဲ့"

အမေပေါက်စ က လူကသာ ပဲချောင်းလောက်ရှိသာပါ အသံက မြစ်မကို ကျော်ပြီး တစ်ဖက်ကမ်း စစ်ကိုင်းတောင် ကို ရိုက်ပြီး ပြန်လာတာမျိုး။ အနီးအနားက တဲတွေထဲ အရက်သောက်နေသူတွေရော၊ နေ၀င် မိုးချုပ် ဖတ်သီဖတ်သီ ရင်တလျားလျား ပြေးလွှားနေကြတဲ့ မိန်းမတွေရော၊ မယ်ဒလင်တီးနေသူနဲ့ တစ်ယောက် တစ်ပေါက် ဆိုနေသူတွေရော၊ လင်မယားချင်း လုံးသတ်နေကြသူတွေရော အားလုံးလိုလိုက ကြီးတော်ပေါက်စ ခုနစ်စင် ခုနစ်မောင်း အော်လိုက်သံကြောင့် တစ်ချက်တုံ့သွားကြလေရဲ့။ ခဏ ကလေး ပါ။ ချက်ချင်းလိုလို လုပ်လက်စတွေ ပြန်လုပ်နေကြတာပါပဲ။ တဲရှေ့ စီးနေတဲ့ ဧရာ၀တီမြစ်ကြီးတောင် လန့်သွား ထင်ပါ့။

အသက်ကရပြီဆိုတော့ ကြီးတော်ပေါက်စခမျာလည်း အဲသလောက် အော်နိုင်တာပါ။ စိတ်ရှိလို့သာအော်ရ။ မော လိုက်တာ ရင်ဘတ်ဖိထားရတယ်။ သည်နားက တဲတွေမှာ သူ့တဲကိုယ့်တဲ ပစ္စည်းပျောက်တာ မဆန်း တော့ပါဘူး။ မုဆိုးမလည်း ပျောက်တာပဲ။ မုဆိုးထီးလည်း ပျောက်တာပဲ။ တစ်တဲနှင့်တစ်တဲ သံဘာဂျာ တံခါး တပ်ထားတာ မဟုတ်တော့ ကူးချင်သူက ကူးရုံပဲ။

မြွေရေခွံအိတ်တစ်လုံး အနားသုံးဖက်ဖွင့်ပြီး အပေါက်၀ ချိတ်ထားရင် တံခါးဖြစ်တဲ့ဟာ။ ဘယ့်နှယ်လုပ် လုံနိုင်မှာတုန်း။ ဘယ်သူဘယ်ဝါတော့ ၀င်တာ တွေ့ပါတယ် လို့လည်း မြင်လိုက်သူက ကာယကံရှင်ကို မပြောဝံကြဘူး။ အကောင်းဆုံးက ဘာမှ မသိသလို၊ မမြင်သလို၊ မကြားသလို ငြိမ်နေတာပဲဆိုတာ သင်ခန်းစာရကြလှပြီကိုး။ ပြောကြကြေးဆိုရင် တဲနီးချင်း ကတောင် မလှုပ် ဘူး။ ပျောက်တဲ့လူက ဘာပျောက်တယ်ဆိုပြီး အော်ရုံပဲ။ မောရင် ရပ်သွား လိမ့်မယ် ဆိုတာ သိပြီးသား။ အခု လည်း ကြီးတော်ပေါက်စခမျာ တစ်ချက်ကောင်းကောင်း အော်လိုက်ပြီး ငြိမ်ရ တော့တာပါ။

ဧရာ၀တီမြစ်ကြီးလည်း ဒါမျိုးရိုးလှပေါ့ဆိုတဲ့ ပုံစံနဲ့ ဆက်စီးနေတာပါပဲ။ အဲဒီညနေက ကြီးတော်ပေါက်စ ကြွပ်ကြွပ်အိတ် နဲ့ ထည့်ထားတဲ့ ဆန်ထုပ် နို့ဆီဘူးလေးလုံးမဲ့မဲ့လောက် ဆန်ထုပ်က ထရံဟောင်းမှာ ချိတ် ထားတာ မဟုတ်ဘူး။ ခါတိုင်းလို ခေါင်းအုံးအောက် ထိုးထည့်ထားလို့ ပျောက်တယ်ဆိုလည်း ထားပါတော့။ အခု ဟာက သံသေတ္တာဟောင်းထဲ ဆန်ထုပ်ကလေးထည့်ပြီး သော့ပါခတ်ပစ်ခဲ့ရာက ပျောက်တာ။ ဓာတ်သိ မို့ ခိုးတယ်ဆိုရအောင်ကလည်း သည်နားက တဲတွေအားလုံး ဓာတ်သိတွေချည်းပဲ။

ထူးထူး ဆန်းဆန်း ကောင်းကောင်းကန်းကန်းရယ်လို့ ဘယ်သူ့မှာမှ မရှိတာလည်း အချင်းချင်းဆိုတော့ သိကြပြီးသား။ ဘယ်သူမဆို သံသေတ္တာလေးတစ်လုံးရှိရင် ထည့်ဖို့ပဲ။ မရှိရင် တစ်တဲတဲအပ်ခဲ့ဖို့ပဲ။ သည်ကြားထဲက ပျောက်တာတွေ ရှိတတ်ပေသိ အခါခပ်သိမ်း လူမရှိတာနဲ့ ပျောက်တာ ချည်းပဲလို့ လည်း ပြောမဖြစ်ဘူး။ မပျောက်ချင် မပျောက်ဘူး။ ပျောက်ချင်မှလည်း ပျောက်မယ်။ ကိုယ့်ပစ္စည်းကိုယ် အရေးကြီးတယ် ထင်ရင် လုံခြုံအောင်သိမ်း။ ဒါပဲ ရှိတယ်။

"ကျုပ်တို့လည်း အခုမှပဲ သဲကားကဆင်းကာ ကြီးတော်ရေ။ ရေတစ်ပေါက် မချိုးရသေးဘူး။ ခုဟာက ဘာပျောက် သတုန်း"

"ဆန်ပါအေ။ နို့ဆီဗူး လေးဘူးလောက် ရှိမှာပေါ့။ ငါမခံချင်သာက သော့ပါချိုးဖဲ့ပြီး ယူသွားသာကို မခံ ချင်တာ။ သူခိုးလက်စကြီး ထင်ပါရဲ့ ဗျစ်ထူမရယ်"

ကိုယ့်ကိစ္စ သူ့ကိစ္စ မပါကြဘူးဆိုပေသိ မဗျစ်ထူကတော့ တဲနီးချင်းကိုး၊ မထင်သော်ရှိ ထင်သော်ရှိ ဘေးဆီး ရန်ကာ တစ်ချက်တော့ မေးမှ ကောင်းမယ်ထင်လို့ မေးတာပါ။ မေးပြီးတာနဲ့မြစ်ရေထဲ ခြေကျင်း၀တ်ကဒူး၊ ဒူး ကနေ ရင်ခေါင်းရောက်အောင် ဆင်းသွားလေရဲ့။ ကြီးတော်ပေါက်စကတော့ ချွဲတပျစ်ပျစ်ထွေးရာက ဗျစ်တောက် ဗျစ်တောက်လောက်တော့ ပြောနေသေးတာပါ။ ထရံချိတ်ထားတဲ့ မြင်းဖြူရုပ်ကို လက်အုပ်ချီ ထားသေးတာ။

''အဖေမြင်းဖြူရှင်တို့များ တဲထဲလူ၀င်တာ မသိရဘူးရယ်လို့၊ ခွာနဲ့ ခုတ်လိုက်ပါတော့လား။ သွားနဲ့ ကိုက် လိုက်စမ်း ပါတော့''

သည်နားတစ်ကြော တဲစုတွေထဲမှာ ကြီးတော်ပေါက်စ အသက်အကြီးဆုံး၊ ခြောက်ဆယ်ကျော်လှပေါ့ဟာ။ မန္တလေး ကို ရောက်ပါပြီဆိုတုန်းကတော့ ကြီးတော်ပေါက်စအိမ်သား၊ ''ဘိုးပြောင်း'' ပါသေးတယ်။ တောင် သာနထိုးဘက်ကရွာမှာ အိမ်ထောင်ရက်သားကျလို့ သူတကာ့အခင်း၊ သူတကာ့ ယာ လင်ကိုယ်မယား နှစ်ယောက် အများတကာလို နေပူလောင်အောင် လုပ်စားခဲ့ရတာပဲ နှစ်လေးဆယ် မကမကမယ်။

ကြီးတော် ပေါက်စ မိဘများက ပဲရိတ်နှမ်းရိတ် မ၀၀မ်းစာနဲ့ ဘ၀ကုန်ခဲ့ကြသလို ဘိုးပြောင်း မိဘများ ကလည်း ထန်း တက်ရတာနဲ့ မြေပေါ်ဆင်းရတယ် မရှိသူတွေ။ ဘယ်မိဘကမှ မြေတစ်ကွက်၊ ယာတစ်ခင်း ရော့ဟဲ့ အင့်ဟဲ့ ပေးနိုင်ကြတာမဟုတ်တော့ သူတို့နှစ်ယောက် ညားတော့လည်း ဇာတာက နေပူသဲပူက မလွတ်ဘူး။ သူတကာသည်လိုပဲဥစ္စာ၊ နားပေါက်ဟောင်းလောင်းနှစ်ဖက်ကို ငရုတ်ခြောက် အညှာကောက် ကလေး တစ်ဖက်တစ်ချက်ထိုးပြီး နားပေါက်မပိတ်ရအောင် နေခဲ့ရတဲ့ဘ၀ပဲဟာ။

ဘိုးပြောင်းက ငယ်သေးတော့ ထန်း တက်တယ်။ ထန်းလျက်ဖိုမှာ ထန်းလျက်ချက်တယ်။ ကြီးတော်ပေါက်စ ကလည်း အလကား မနေပါဘူး။ အပျိုမပေါက်တပေါက် ဂျာရစ်ထုံးကလေးနဲ့ လောက် ကတည်းက ဆင်းရတဲ့သစ်ခင်း။ လင်ရယ်လို့ရတော့ လည်း မနားမရှိဘူး။

လင်မယား နှစ်ယောက်တည်းဆိုတော့ ရွာထဲဘယ်နား တဲထိုးထိုးရတဲ့ ခေတ်ကာလမှာ နေစရာလည်း မပူရဘူး။ စားဖို့လည်း မဥပါဒ်ရဘူး။ တစ်၀မ်းတစ်ခါးတော့ ငြိမ်တယ်။ ကြီးတော်ပေါက်စက သားသမီး မပေါ် ပေါက်တာ အကြာကြီး ညားခါစကလေး တပိုက်ပိုက်ဖြစ်မှာစိုလို့ သားသမီး မလိုချင်သေး ပေသိ နှစ်နှစ်က သုံးနှစ် ဖြစ်လာတော့ သားသမီးလိုချင်ကြပြီ။

''ပါးစပ်တစ်ပေါက် တိုးချင်တိုးပါစီဟာ။ ဆင်များလို တစ်အစ် အစ်ကြရုံပေါ့'' လို့ ဘိုးပြောင်းကတောင် ပြော လာရတဲ့အထိဆိုတော့ ကြီးပေါက်စကလည်း ၀မ်းနဲ့လွယ်မွေးရမယ့် မိခင်လောင်းကိုး။ လိုချင်တာပါပဲ။ သည် လိုနဲ့ ရွာညောင်ပင်မှာ သားဆုပန်ကြတာ နှစ်နှစ်ကြာတယ်။ ရုက္ခစိုး မတာပဲလား။ ဘ၀က အကြာင်းပဲလား မသိပါဘူး။

အကြီးမလုံးကျစ် ကိုယ်၀န်ရှိလာတော့ ၀မ်းသာလိုက်ကြရပုံများတော့။ နောက်နှစ်နှစ် လောက် ကြာတော့ လုံးဇောက်ဆိုတဲ့ သမီးတစ်ယောက် မွေးပြန်တယ်။ လုံးလုံး ကျစ်ကျစ်ကလေးမိ်ု့ 'လုံးကျစ်' လို့ မှည့်တာပါ။ ငယ်ငယ်ကတည်းက မျက်နှာက လင်နို့မျက်နှာလေးနဲ့။ 'လုံးဇောက်'(လုံးစောက်) ကတော့ မျက်နှာလုံးစောက်စောက်ဆိုတော့ လင်း၀က်နဲ့တူတယ်။ ဒါပေသိ လုံးဇောက် က လူ့ဘ၀ကံမပါရှာဘူး ထင်ပါ ရဲ့ လေးနှစ်သမီးလောက်မှာ ပျက်စီးရှာတယ်။ နောက်ထပ် လည်း သားသမီး မပေါ်ပေါက်တာ့ပါဘူး။ သည် တော့ အကြီးမလုံးကျစ်နဲ့ သားအဖသုံးယောက် တစ်ဘ၀ ရှိခဲ့ကြတာပါ။

ရွာမှာ မိုးကြီးဆက်တိုက်ခေါင်တော့ ရွာကတစ်ယောက်ထွက် တစ်ယောက်ထွက်နဲ့ မြို့တက်ကြရာမှာ ဘိုးပြောင်းတို့ သားအဖတွေကိုလည်း သည်ရောဂါကူးစက်ကြတယ် ပြောပါတော့။

''ကိုငပြောင်း.... တော့်လည်း ထန်းပင်ခြေကန်တက်ရသာနဲ့ ခြေဖဝါးကွဲတော့မယ်။ ကျုပ်မလည်း ကြက်သွန် တူး ပဲနုတ်ရသာနဲ့ လက်အရေခွံ လန်လှပြီ။ ကံရှိန်တို့ ဘုတ်မတို့တောင် မြို့တက်မှတော့ ကျုပ်တို့လည်း လိုက် ချင်လှတော်''

''ထသွားမှ ကျိုးမှန်းသိဗျာ။ ကိုယ်တောသူတောသား၊ မြို့တက် မြို့တက်နဲ့ လွယ်မှတ်လို့ ပေါက်စနှယ်၊ ကံရှိန် တို့က သူတို့အမျိုးတွေ မန်းလေးရှိသာဗျ။ ကျုပ်တို့က ဘယ်နားသွားနေမှာတုန်း''

မပေါက်စက သည်လိုစကားစရင် ကိုပြောင်းက သည်လိုစကားဆုံးတာချည်းပဲ။ သည်လိုနဲ့ တစ်န့ရွှေ တစ်နေ့ငွေနဲ့ သမီးလုံးကျစ်ကလည်း ထိုးထိုးထောင်ထောင် အရွယ်ရောက်လာပြီ။ ဖအေ ဘိုးပြောင်နဲ့ အတူ ထန်းတက်ဖက်သူငယ် 'မောင်အုပ်'နဲ့ အနေနီးရာက စုံဖက်ကြတော့ တဲထဲ လူတစ်ယောက်တိုးပြီကိုး။ ငအုပ် ကလည်း ရေမျောကမ်းတင်။ တစ်ရွာကလာပြီး ထန်းတက်တာဆိ်ုတော့ မင်္ဂလာဆွမ်းတစ်အုပ် ကျောင်း ပို့တာတောင် မိရယ်ဖရယ်ခေါ်နိုင်တာ မဟုတ်ဘူး။

သည်လိုနဲ့ ရွာမှာတင် မြေးရပြီး မအေလုံးကျစ်နဲ့ ဖအေ ငအုပ်ပေါင်းပြီး 'အုပ်လုံး'လို့ မှည့်ကြတယ်။ ဘိုးပြောင်းက မြေးကို တပွေ့ပွေ့ အင်မတန် ချစ်ရှာတာကိုး။ ထတောထဲသွားရင် မြေးက ပခုံးပေါ်က၊ ကြီးတော်ပေါက်စကလည်း မထူးပါဘူး။ မနက်ဖက် အခင်းဆင်ရင် မြေးပါနေကျ။

အဲသည်တုန်းကတော့ သမီး၊ သမက်၊ မြေး၊ အဘိုးအဘွားတစ်တွေ ဆင်းရဲကြပေသိ ဘ၀ကနေပျော်တယ် ပေါ့လေ။

ကြီးတော်ပေါက်စက တဲခြေနဲ့ နှစ်လံလောက်မှာ တဖျတ်ဖျတ်လာရိုက်နေတဲ့ ဧရာ၀တီမြစ်ရေတွေ ကို ငေးရင်း တစ်ခါက ဘ၀ကို သတိရနေမိတာပါ။ မျက်ရည်ကလေး တစမ်းစမ်းနဲ့ သွားလေသူကိုလည်း သတိရရဲ့။

''အဘိုးကြီးရေ၊ ခုတော့ ကျုပ်တစ်ယောက်တည်းပါတော်။ ကျုပ်တို့ဟာ ကျုပ်တို့ ကိုယ့်လက်နဲ့ ကိုယ်ခြေ ကိုယ့်ရွာကိုယ်နေခဲ့ကြရင် အကောင်းသား။ တော်ပြောတဲ့ ထသွားမှ ကျိုးမှန်းသိဆိုတာ အဟုတ်ပါ့ကော''

လင် သတိရတာရော၊ ဆန်ပျောက်လို့ နှမြောတာရော ပေါင်းပြီး တအီအီငိုနေသေးတာ။

ကြီးတော်ပေါက်စညည်းတဲ့ ''အဘိုးကြီးရေ.... အခုတော့ ကျုပ်တစ်ယောက်တည်းပါ့ကော'' ဆိုတာ ဟုတ် လည်း ဟုတ်ပါရဲ့။ ဟုတ်တော့လည်းမဟုတ်ပြန်ဘူး။ ဧရာ၀တီမြစ်ဆိပ် တာရိုးခြေမှာ တဲတွေတသီကြီး တန်းထိုးနေကြတော့ ဘိုးပြောင်းနဲ့ ကြီးတော်ပေါက်စက တစ်တဲ။ သမီး သမက် သားအဖတစ်တွေက တစ်တဲ၊ တဲချင်းကမဝေးလှပြီ မဆိုနိုင်ပေသိ သူ့အိုးနဲ့ သူ့အိမ်ဆိုတော့နှစ်ရက်နေလို့ သမီးတဲထဲ မရောက် လေ့ဘူး။ မြေးတွေကတော့ ကလေးတွေကိုး၊ မြစ်ထဲ ရေစိမ်လိုက်၊ တာရိုးပေါ်တက်ကစားလိုက်၊ တဲတကာက အလေ့ပေါက်ခွေးတွေနဲ့ လုံးလိုက်ထွေးလိုက် အမေကြီးရှိတဲ့ အချိန်ဆိုရင်တော့ ရောက်ရောက် လာကြတာ။ အမေကြီးလုပ်သူက မုန့်ကလေးပဲကလေး ပါလာတတ်တာက တစ်ကြောင်း ဘွားအေရယ် လို့ ချစ်ခင်ကြတာတစ်ကြောင်းဆိုတော့ မြေးသုံးကောင်နဲ့တော့ ဝေးလှတယ်ပြောမဖြစ်ဘူး။

မြစ်စောင်းမှာ တဲထိုးနေကြသူတွေဆိုတာ နည်းမှမနည်းဘဲ။ ယောက်ျား သန်သန်မာမာတွေက သဲကား လိုက် ကြတာများတယ်။ သဲကားလိုက်ကြတာက ပင်ပန်းပေသိ ပိုက်ဆံတော့ရတယ်၊ မြစ်ထဲက သဲတွေကို စက်နဲ့ စုပ်တဲ့ သဲမော်တော်လိုက်သူတွေလည်း ရှိတယ်။ မြစ်ထဲက သဲစိုတွေတင်လာတဲ့ သဲမော်တော်က မြုပ်လုမြုပ်ခင် ရယ်။ မြစ်ဆိပ်ရောက်တော့ စက်နဲ့ပဲ မြစ်ကမ်းပေါ်တည်ထားတဲ့ သစ်ပုံရိုက်ဇလားကြီး တွေထဲ မောင်း ထည့်။

သဲနဲ့ရေ ဖျောပြီးသားဆိုတော့ သဲကဇလားထဲကျန်ပြီး ရေကအောက်ကို စိမ့်ထွက်သွားတယ်။ သည်သဲ စိုဖန့်ဖန့်ကိုမှ သဲတင်သူတွေက မြစ်စောင်းခြေထိုးလာတဲ့ ကားတွေပေါ် ထမ်းထမ်းတင် ကြရတာပါ။ သဲကားတွေက အကြီးကြီးတွေ။ မိန်းမ၊ ယောက်ျား၊ သဲတောင်းမောက်မောက် အခေါက်ခေါက်အခါခါ ရွက် တင်ကြရတယ်။ သွားချတော့လည်းသူတို့ပဲ။ မြစ်ဆိပ်မှာ သဲကားတွေဆိုတာ မနည်းဘူး။ အလှူထမင်း ရုံသာ ကြည့်တော့။

''ချမ်းသာတဲ့လူများကျတော့လည်း ဆောက်လိုက်ကြတဲ့ တိုက်တွေတော်။ မြစ်ထဲက သဲတောင် မလောက်နိုင်ဘူး'' လို့ကြီးတော်ပေါက်စက တစ်ခါတစ်ခါ တွေးမ်ိတယ်။ ပိုက်ဆံတွေ ဘယ်ကများ ရကြပါ လိမ့်။

တဲရှေ့မှာတစ်ယောက်တည်း ငုတ်တုတ်ထိုင်ရင်း ကြီးတော်ပေါက်စ အတွေးတွေ၀င်နေလိုက်တာ ဗိုက်ထဲက ဂွီခနဲမြည်လာတော့မှ ရင်ထဲ လုပ်လုပ်ပြေးအောင် ဆာတာကို သတိရတော့တယ်။ ဆန်ရှာပြီး ထမင်းတစ်လုံး ချက်ရ ကောင်းမလား။ စားနိုင်တာက တစ်လုတ်တစ်ဆုပ်ရယ်။ တာရိုးပေါ်တက်ပြီး ခြင်းကြား ဟောင်း ကွမ်းခြင်းဟောင်းတွေ ရှာနေရမှာကို သတိရလိုက်တော့ မောတာနဲ့ ချက်မနေတော့ ပါဘူးလို့ တွေးတယ်။

သည်နားမှာက မြစ်ဆိပ်ရယ်လို့ ထင်းတွေတော့ ရှိသားပဲ။ လှေကြီးတွေနဲ့ အထက် မလည်ဘက်၊ စဉ့်ကူး။ သပိတ်ကျင်းဘက်ကနေ မြစ်ကြီးကို အလျားလိုက် စုန်ဆင်းပြီးမှ မန္တလေးဆိပ်ကမ်း ရောက်ရတာတွေဆို တော့ ထင်းတစ်ချောင်း အလကားမူးတင်း ဘယ်ရပါ့မလဲ။ တချို့ကတော့ ထင်းလှေတွေက ပုံထားတဲ့ ထင်း တစ်ပွေ့တော့ လူမသိအောင် ဆွဲကြတာရှိတေယ်။ မ်ိရင်လည်း မသက်သာဘူး။ လှေပေါ်ကနေ ထင်း ချောင်း နဲ့ ကောက်ပစ်လိုက်တာများ ရင်၀ မြားစိုက်တာကမှ သက်သာဦးမယ်။ တချို့က ဘတ်ခွနဲ့ ပစ်ကြ သေးတာပါ။

သည်တော့ မြစ်နဲ့ တာရိုးကြားက ရွှေလှေကျင်းလို့ခေါ်တဲ့ အမှိုက်ကျင်းထဲ ဆင်းကြရပြီး သူတ ကာပစ်ထားတဲ့ အမှိုက်တို အမှိုက်စ၊ ခြင်းတိုခြင်းစ ကောက်ရတာပေါ့။ ထမင်းတစ်လုံးစာတော့ ဖြိုးဖြိုး ဖြောက်ဖြောက် နဲ့ ကျက်တာပဲကိုး ရွှေလှေကျင်းက ရပ်ကွက်စျေးနဲ့ နီးတော့ ခြင်းတောင်းစုတ်တွေ ပစ်နေကျ နေရာပါ။ သို့ပေသိ တဲရှိသမျှ သည်ကျင်းထဲ နှိုက်ကြတာဆိုတော့ နတ်ခံတွင်းလို နှိုက်တိုင်း ရဖို့ ဆိုတာ မသေ ချာဘူး။ တဲနီးချင်း မဗျစ်ထူတောင် ရေထဲက တက်လာပြီး ကြီးတော်ပေါက်စ ငုတ်တုတ်က မကြွရသေးဘူး။

''ကြီးတော်... ကျုပ်တို့နဲ့ အတူစားလိုက်။ မိငှက်က ပိုချက်ထားမှာပါ။ အဘွားကြီး လေခံနေဦးမယ် ခဏနေရင် ခေါ်လိုက်မယ်''

''နေပါအေ .... မဆာပါဘူး။ တာရိုးပေါ်တက်ပြီး မန်းမရွေး ၀ယ်စားလိုက်ပါ့မယ်။ ငါက ဆန်မနှမြောဘူး။ ငါ့ တရုတ်သော့ ကလေး နှမြောတာပါအေ။ သော့ပါချိုးဖဲ့ယူသွားသာကို မခံချင်တာ။ မပွေးမှ မကိုက်သယ်''

မဗျစ်ထူ သူ့တဲထဲ၀င်သွားတော့လည်း ကြီးတော်ပေါက်စ မန်းမရွေး၊ တက် မ၀ယ်ဖြစ်ပါဘူး။ မြောက်ဘက် တဲစုတွေ ထဲနေတဲ့ သမီးအိမ်များ ထမင်းတစ်ဆုပ်တစ်ခဲ ပိုကောင်းပါရဲ့၊ ထမင်းများကလည်း ဘာသဘော ရယ် မပြောတတ်ဘူး။ ရှိရင်မဆာဘူး။ မရှိရင် ရင်ထဲပလုံစိ ထိုးနေတော့တာ မဟုတ်လား။ တော်ပါသေးရဲ့ ရှိစု မဲ့စု ပိုက်ဆံကလေးတော့ ချွေးခံထဲ ရင်ပုံထဲ ထည့်ထားတတ်လို့ ကိုယ်ရင့်တတူ မြဲနေလို့။ သံသေတ္တာ ထဲ ထည့်ထားရင် ပါပြီပေါ့။ ကြီးတော်ပေါက်စ တဲထဲပြန်၀င်ပြီး ကပ်ကြမ်းပေါ် ခွေအိပ်နေလိုက်တယ်။ ကနေ့ လူလည်း တော်တော် ပင်ပန်းသွားပါရဲ့။ ပိုက်ဆံလည်း ရပါရဲ့။

သူတကာ့အပူတွေ ကူးရတဲ့အလုပ်။ ရွာမှာနေတုန်းက လူ့ဘ၀ နင်းနှိပ်စားရမယ်လို့ တစ်ခါမှ မတွေးဖူးတဲ့ အလုပ်၊ ခုတော့ လုပ်နေရပြီ။ ဘိုးပြောင်းရှိတုန်းက နည်းနည်းပါးပါး သင်ပြုပေးခဲ့လို့သာ ထမင်းတစ်လုပ်စားရတာကိုလည်း သတိရရဲ့။ ဘိုး ပြောင်းကလည်းနင်းတတ်၊ နှိပ်တတ်တယ်ရယ်လို့ မဟုတ်ဘူး။ ကိုရင်ဘ၀က ဆရာတော်ကြီး ခြေဆုပ်လက် ဆုပ်၀တ်ဖြည့်ရာက ခပ်ဖျင်းဖျင်းလောက် တတ်ခဲ့ တာပါ။

အဘိုးကြီးရှိတုန်းက လင်ကိုယ်မယားနှစ်ယောက် တဲထဲထိုင်နေရုံပဲ။ လာခေါ်ကြလွန်းလို့ လှန်လွှတ်ရတာတောင် ရှိတယ်။ မြေကြီးထဲက ကြက်သွန်ဥ၊ မြေကြီး ထဲက မြေပဲဥ၊ တူရွင်းမပါရင်တောင် လက်နဲ့ကုတ် ယူနိုင်ခဲ့တဲ့ မိန်းမပဲဟာ။ လူ့အသား လူ့အကြော လောက် တော့ ကုတ်တာနဲ့ ထအော်တာ ဘာဆန်း လိမ့်မလဲ။ ကြီးတောင်ပေါက်စက လက်သန်တယ်။ လက်ပေါက် တယ် ဖြစ်ကရော။

တဲစုတွေဆီက အသံဗလံ စုံကြားနေတဲ့ကြားက ကြီးတော်ပေါက်စလည်း တဲထဲ၀င်လှဲတယ်။ ၀မ်းဟာနေတဲ့ ကြားက မှေးခနဲ တစ်ချက်အိပ်ပျော်သွားတယ်။ နို့မို့ ဆိုရင် သည်မြစ်ဆိပ်နား တဲထိုးနေစရာ အကြောင်းမရှိပါဘူး။ ကိုယ့်ရွာကိုယ် နေပူပူ ကျောကွဲကွဲ သရော ကြီး ခိုင်းတာတောင် ခွာဖို့စိတ်ကူးခဲတာမှ မဟုတ်တာ။ ရွာကတချို့ မြိ်ု့တက်ကြတယ် ဆိုတုန်း ကတော့ လင်သားကို ပူဆာဖူးပါရဲ့ အိမ်သားဖြစ်သူက တားတာနဲ့ မရောက်ရတာ အကြာကြီး။ မြို့တက်တာ နဲ့ အလိုလိုချမ်းသာဖို့ မရှိတာလည်း သိသားပဲ။ လုပ်မှစားရမှာလည်း သဘောပေါက်သားပဲ။ ဒါပေသိ ရွာမှာထက်တော့ အူစိုစိ်ုရှိလိမ့်မယ် ထင်တာကိုး။

ရွာမှာတော့ ပဲပိုးထိုးနဲ့ သုံးလွန်တင်ထမင်း လည်ချောင်းထဲ အတောင့်လိုက် ဆင်းနိုင်အောင် မနည်းမျိုးကြရတဲ့ အဖြစ်ကိုး။ မြို့မှာ ဘယ်သူတော့ဖြင့် ဆိုက်ကားနင်း သတဲ့ ဘယ်ဝါတော့ဖြင့် ပွက်ရည်ပုံး ထမ်းသတဲ့။ ငဖြူတော့ဖြင့် လှေလိုက်သတဲ့။ ငနီ တော့ဖြင့် ပန်းရန်ခကြွေး လုပ်သတဲ့ဆိုတာတွေ ကြားရသားပဲ။ တောင်သူတောင်သားဆိုတော့ အားကျတာ သတ်သတ်၊ ကြောက် တာက သတ်သတ်။

''ပေါင်းစရာ ထပင်တွေတော့ ဘယ်ထန်းရှင်ကမှ ခုတ်မလှဲမပစ်ပေါင်ဟာ။ ထပင်ရှိ ထမင်းရှိနေသဲ့ဟာ။ မြို့ တက်ပြီး စမ်းတဝါးဝါး လုပ်မစားချင်ပါနဲ့ အသာနေစမ်းပါဟာ''

''ကျုပ်ကလည်း သွားချင်လှလို့ ပြောသာမှုတ်ဘူးရယ်။ ကျုပ်တို့အိမ် စားအိုးကြီးလာပြီတော့။ သမီးရော၊ သမက် ရော မြေးနှစ်ကောင် ရောဆိုတော့ တစ်ရွာမပြောင်း သူကောင်းဖြစ်မလားလို့ ပြောရသာပါ''

''သေချင်တဲ့ကျား တောပြောင်းဆိုတာလည်း ရှိသားဟာကိုး''

လင်ကစိတ်ပါတော့ မယားကဖျက်လိုက်၊ မယားကတိုက်တွန်းတော့ လင်ကပုတ်ချလိုက်နဲ့ပဲ မန်းလေးမြို့ ဆိုတာဝေးလို့ နွားထိုးကြီး၊ တောင်သာလို မြို့ပေါ်တောင် မရောက်ရတာကြာပေါ့။ တောထဲက ထန်းတက် သမား မြို့သွားစရာ အကြောင်းကလည်း မရှိဘူးကိုး။ နို့ပေသိ လူ့ကံများ ဆန်းချက်ကတော့ မန်းလေးနဲ့ လှမ်းလှမ်း က ကွင်းတွေထဲမှာ အုတ်ဖိုတွေတောင်ကြလို့ ရွာကလူတွေ လိုက်စုနေသတဲ့ဆိုတဲ့ သတင်းရောက် လာခဲ့တယ်။ တစ်ရက်တော့ အုတ်သူကြီးရဲ့ လူယုံ မောင်စံသိန်းဆိုသူက ထန်းတောထဲ ထန်းရည် သောက် ရင်း မြို့မှာ လက်ပေါက်အုတ်လုပ်ငန်း လုပ်ဖို့ လူတွေလိုလို့ လိုက်စုနေတာ တော်တော် ရပြီလို့ ပြောနေတာ ကို ကြားလာခဲ့တယ်။

လိုက်ချင်ရင် ယောက်ျား၊ မိန်းမ စာရင်းပေးရုံပဲတဲ့။ နေ့တွက်က ဘယ်ရွေ့ဘယ်မျှ ရမယ်ဆိုတာလည်းပါရဲ့။ သည်လိုနဲ့ တံခါးပိတ်ဂျိတ်ဆို သားအဖတစ်တွေ ထလိုက်လာကြတာ။ အခုထိပဲ။ ရွာတစ်ခေါက် ပြန်မရောက်ကြတော့ဘူး။ မန်းလေးတောင် လေးပြင်လေးရပ် မြို့တစ်ပတ် ကောင်းကောင်း ပိတ်မိပါပြီ။ ကွင်းကြို ကွင်းကြားနေခဲ့ရတာကပဲ နှစ်တွေ မနည်းတော့ဘူးကိုး။ တဲပြန့်ကြီးထိုးပေးထားလို့ နေရေး မပူရသလို အုတ်ရာသီ မဟုတ်ရင်လည်း အုတ်သူကြီးဆီက ငွေကြိုယူလို့ ရလေတော့ ဟုတ်သလို လိုပေါ့။

အုတ်သူကြီးက ရွာကလူတွေ မန်းလေးရောက်ရောက်ချင်း ကားကြီးတစ်စီးပေါ် တက်ကြဆိုပြီး မဟာမုနိ ဘုရားကြီး ပို့တယ်။ ရှင်ပင်ပက်လက် ရေစက်လက် ဘုရားပို့တယ်။ မန်းလေးတောင်ပေါ်ပို့တယ်။ ပျော်စရာတောင်ကောင်းသေးတယ် သည်တစ်ခေါက်ပါပဲ။ အဲသည်ကတည်းက ရွှံ့တစိုးစို လေတဟူးဟူး ကြား ဘဝြပီးရတာ ဘုရားကိုယ်တော်မြတ်ကြွလာမှ ဖူးရဖို့ ရှုိတော့တာပါ။

ရွှံ့တစိုစို ရွှံ့တလူလူ လုပ်စားကြရင်း က နှစ်တွေလည်း ကြာပြီ။ လူတွေလည်း အိုကြပြီ။ အုတ်သူကြီးတွေလည်း အလုပ်မကောင်းရာက ပြုတ်သူပြုတ်၊ ပြောင်းသူကပြောင်း ကြီးတော်ပေါက်စ တို့လည်း ဟိ်ုရောက် သည်ရောက်ပေါ့။ ရွာတော့ မပြန်ဖြစ်တော့ဘူး။ သည်လိုနဲ့ မြစ်ကမ်းနား ရောက်လာကြတယ်။

ဘာလုပ်စားတာလဲလို့ မမေးနဲ့။ အဲသလို တော့ ပြောမဖြစ်ဘူး။ အစုံပဲ။ သည်မှာတော့ ကိုယ့်၀မ်းစာ နဲ့ ကိုယ်ဆိုတော့ အဘိုးကြီး အဘွားကြီးကတကွဲ၊ သမီးနဲ့ သမက်က တစ်အိုးနေကြရပြီ၊ ဝေးဝေးတော့လည်း မဟုတ်ပါဘူး ကိုယ်လိုလူတွေ စုစုရှိရာ သည်လိုအတွဲလိုက် လိုက်ကြရင်း ဘဝတွေ စုံလှပေါ့။ သမီးနဲ့မြေးတွေတော့လည်း လဲမှိုများလွှင့်သလို တော်ရာကျရော့ဟဲ့ မရှိနိုင်ဘူးကိုး။

တစ်ခုတော့ ရှိပါရဲ့။ သမီးက သူတကာမိန်းမတွေလို သဲတင်သဲချ မလုပ်နိုင်ရှာတော့ဘူး။ မီယပ်ကျိုးခေါ်မ လား။ တစ်ရက်သား အုတ်ဖိုမှာ အလုပ်လုပ်ရင်းက ပုံလဲကျသွားလိုက်တာ နေသာပြန်ကောင်းတယ်။ မသန်တော့ဘူး။ တစ်ကိုယ်လုံးလည်း လှီသွားသလိုပဲ။ ထန်းသမားဘ၀ကလာတဲ့ သမက်ကတော့ သားမယားရယ်လို့ လုပ်ကျွေးရှာပါရဲ့။ အရက်ဖိုးက ကျန်မှ ပိုက်ဆံက အိမ်ရောက်တာပါ။ တစ်ခါတလေ တာရိုးထိပ် က အရက်ဆိုင်မှာ အချိန်မတော် အချိန်တော် ထိုင်နေလိုက်တာ မထတော့ဘူး။

ထမင်းအိုး မီးမကူး ရသေးတဲ့ မယားက လိုက်ခေါ်တော့လည်း ရိုက်မောင်းပုတ်မောင်းက ရှိသေးတော့ ကြီးတော်ပေါက်စ အဖို့ရာ အင်မတန် စိတ်ဆင်းရဲရတယ်။ သည်ဘက်ခေတ်များ ပေါလာလိုက်တဲ့ အရက်သေစာ။ ယောက်ျားမှန် အရက်မကင်းရုံတင် မကဘူး။ အရက်ချွေးနံ့တွေက လူဆင်းရဲနံ့လို့တောင် ပြောရ မလို ဖြစ်နေ ပါပြီ။ အိမ်က အဘိုးကြီးပျက်စီးလို့ သားသမီးအားကိုးဖို့တော့ ဝေလာဝေး။

မြေးသုံးကောင်ကိုတော့ အနှိပ်အနင်း မလိုက်ရတဲ့နေ့ ကြီးတော်ပေါက်စနဲ့ အတူတွေ့ရပါရဲ့။ တစ်ခါတလေ မြေးတွေလက်ဆွဲပြီး ဗီဒီယိုလိုက်ပြရတယ်။ ရပ်ကွက်မုန့်ဆိုင်တွေ ပို့တယ်။ အိမ်က ထမင်းကြမ်းကလေး အိုးဆီပွတ် လှော်ကျွေးရတယ်။ ဘယ်ကပြန်ပြန် လက်ထဲငွေစလေးပါရင် ပြောင်းဖူးပြုတ်ကလေး၊ ကန်စွန်းဥပြုတ်ကလေးကအစ ၀ယ်လာတတ်တယ်။ မြေးတွေကလည်း ချစ်လိုက်ကြတာ။ ခေါ်တာတောင် မေကြီးပေါက်စတဲ့၊ ကြီးတော်ပေါက်စ အိမ်သားရှိတုန်းကတော့ မြေးတွေက ဘိုးအေကို ဘိုးကြီးခေါ်ကြ တယ်။ သမီးတဲရှေ့လည်း သမက်ကောင် မရှိတဲ့အချိန်ရောက်တာပါ။ မျက်နှာချင်းမဆိုင်ချင်လို့။ လူပါး၀ တယ် ထင်လို့။

''အမေရယ်... ကျုပ်တော့ အလုပ်သာထ လုပ်လိုက်ချင်တော့တာပါပဲ။ ဒင်းလုပ်စာမျှော်ရတာများ ၀မ်းထဲမကျချက်တော် ဒူးကမသန် လက်ကမသန်မို့သာ အောင်းနေရတယ်။ အလုပ်များမကြောက်လိုက်သမှ''

''အမေ ရှိပါတယ်အေ ကလေးတွေ လူလုံးထွားရင် သဲကားလိုက်လို့ ဖြစ်ပါပြီ။ စောင့်ရလှ လေးငါးနှစ်ပေါ့။ ညည်းယောက်ျားလည်း သည်လောက်သောက်နေမှတော့ နေလှ လေးငါးနှစ်ပေါ့အေ''

သည်ရက်ထဲ အနှိပ်အနင်း အခေါ်အပြုများကြလို့ မိုးချုပ်တာများပြီ သမီးနဲ့မြေးတွေဆီလည်း မရောက် ရဘူး။

သည်ကြားထဲ သံသေတ္တာထဲ ဆန်ကပျောက်ရသေး။ တရုတ်သော့က အချိုးခံရသေး။ နားထဲ အသံကြားသ လိုလိုရှိတာနဲ့ ကြီးတော်ပေါက်စ ငေါက်ခနဲ ထထိုင်တော့ ဗျစ်ထူမရယ် လက်ထဲမှာ ဒန်ဇလုံ တစ်လုံး ကိုင်လို့၊ မြွေရေခွံအိတ် ချထားတာ ကို လက်တဖက်နဲ့ ဖယ်ပြီး ဇလုံကို လှမ်းပေးတော့ ငါးပိချက်နံ့ က မွှေးသွားလေရဲ့။

''အဘွားကြီး စားလိုက်ပါဦး။ ငါးပိတစ် နဲ့ ခရမ်းချဉ်သီးလှိမ့်ထားတာ။ ထစားလိုက်ဦး။ ပြီးမှ ဇလုံကမ်းချေ"

မနေနိုင်ပါဘူး။ လက်တောင် ဆေးမနေတာ့ဘဲ စားလိုက်တယ်။ စာရင်းက ထမင်းကို အကဲခတ်ချင်လို့ မီးထွန်း မယ် စိတ်ကူးသေးတယ်။ သူ့ဆန်များ ခိုးလေသလား ထင်လို့ပါ။ ကိုင်းပါလေ ငါ့ဆန်သော သူ့ဆန် သော စားရသာ ကျေးဇူကြီးပါ့ အောက်မေ့မိတယ်။ သည်လိုနေရာမှာ ပစ္စည်း ပျောက်ရင်ဘယ်သူမဆို ဖြစ်နိုင်တာကိုး။ ကောင်းလိုက်တဲ့ ထမင်းနှယ်။ ရင်ပူအောင် ဆာနေလို့လား မပြောတတ်ဘူး။

ကြီးတော်ပေါက်စ မနက်စောစော နိုးနေပေသိ ကပ်ကြမ်းပေါ် ဆက်မှေးနေမိတယ်။ မရှိမဲ့ရှိမဲ့ ဆန်ကလေး တစ်ထုပ် ဘယ်သူများ လက်ဆော့သွားပါလိမ့်ဆိုတာ နိုးနိုးချင်း ခေါင်းထဲ၀င်လာလို့ ဥစ္စာပျောက် ငရဲ ရောက် ဖြစ်နေမိတယ်။ အရက်သမား ငမှတ်လည်း ဖြစ်နိုင်တာပဲ။ ကွမ်းယာသည်မ မြမေလည်း ဖြစ်နိုင်တာပဲ။ တဲနီး ချင်းဗျစ်ထူမလည်း ဖြစ်နိုင်တာပဲ။ ခြေရင်းတဲက မိလှလည်း ဖြစ်နိုင်တာပါပကော။ ဘယ်သူ မဆို ဖြစ်နိုင်တယ်လို့။

သည်နေ့ နေပူရွာထဲက မပုံ့ကိုနှိပ်ဖို့ ချိန်းထားတော့ ရေကလေးချိုးဖို့ စိတ်ကူးတယ်။ သူဌေးမ နှိပ်ရမှာဆိုတော့ နံနံစော်စော်ဆိုရင် မကောင်းဘူးလို့ တွက်တာကိုး။ ကုတ်သားကြီးတွေ၊ လက်မောင်သားကြီးတွေ တုတ်ခိုင် လှတဲ့ သူဌေးမတွေများ လက်ဆစ်ကျိုးအောင် နှိပ်ရတာဆိုတော့ မနက်ခင်း အဆာပြေ တစ်ခုခုလည်း စား သွားဦးမှဖြစ်မှာ မနက်ထမင်းဇပြီး (စားပြီး) ချိန်းထားတာ ဆိုတော့ ကြီးတော်ပေါက်စ မြစ်ထဲရေဆင်း ချိုးတယ်။ အ၀တ်အစားကလေး လဲပြီးတော့တောင် အချိန် ရသေးတာနဲ့ သမီးနဲ့မြေးတွေနေတဲ့ တဲစုတွေ ဘက် လျှောက်လာခဲ့တယ်။ သည်အချိန်ဆိုရင် မျက်နှာချင်းမဆိ်ုင်ချင်တဲ့ သမက်ကောင်လည်း မရှိ လောက်တော့ဘူးဆိုတာ သိလို့လည်း ပါပါတယ်။ မြေးအငယ်ဆုံးမကို အထူးသဖြင့် သတိရတယ်။

သည်ကောင်မက မန်းလေးရောက်မှ အုတ်ဖိုတွေထဲမွေးတဲ့ ကောင်မ၊ နာမည်တောင် ကြီးတော်ပေါက်စ ကိုယ်တိုင် အုတ်ဖို လို့ မှည့်ထားတာလေ။ သမီး ရောဂါသည်မက အ၀တ်ဟောင်းတွေ လှန်းနေလို့ မြေးမ ဘယ်မှာတုန်း မေးရတယ်။

''အမေ မလာတာကြာပေါ့။ အနှိပ်လိုက်ရလား''

''လိုက်ရပါတယ်အေ ... ငါ့မြေးတွေကော"

''အကြီးကောင် နှစ်ကောင်က တာရိုးပေါ်မှာ။ အမေ့မြေးမက တဲနောက်မှာ ထင်ပါရဲ့''

ကြီးတော်ပေါက်စက တဲနောက် ပတ်လာခဲ့တယ်။ အမှိုက်တွေဆိုတာ ပုပ်ပွနေကြပြီ။ မြေးမက ကော်အရုပ်ကျိုး တစ်ရုပ် နဲ့ ဆော့နေတာမြင်ရတော့ ကြည်နူးသွားမိတယ်။ ချွေးခံထဲက ငါးဆယ်တန် တစ်ချပ် ထုတ်ပြတော့ ကစားလက်စ အရုပ်ကျိုးကို ပစ်ချပြီး ဘွားအေဆီ ဆင်းလာတယ်။ ရေမချိုး မိုးမချိုး နဲ့ လူရုပ်မပေါ်တဲ့ မြေးမ ကို ငုံ့နမ်းပြီး လက်ထဲ ပိုက်ဆံထည့်ပေးတော့ လှမ်းယူလေရဲ့။

''ငါ့မြေး မုန့်စား။ လက်ထဲက ဘာကြီးတုန်း။ လွှင့်ပစ်လိုက်''

မြေးမ က လွှင့်ပစ်လိုက်တာပါပဲ။ ဝေးဝေးတော့ မရောက်ဘူး။

''သမီးရေ ... အမေသွားလိုက်ဦးမယ်''

''ဟုတ်ကဲ့ အမေ ... ညက အမေအော်နေဟစ်နေဆို ဘာဖြစ်လို့တုန်း''

''ဆန်ထုပ်ပျောက်သာပါအေ။ သေတ္တာက သော့ခလောက်ပါ ကလန့်ခွာသွားသာ။ မတွေ့လို့ပေါ့အေ၊ တွေ့ရင် ခုနစ်စင်တောင် တိုက်လိုက်သေး။ အဖေ မြင်းဖြူရှင်တော့ တိုင်တည်ခဲ့တယ်။ စားတဲ့လူ ဘေးတွေ့ ပါစီလို့''

ကြီးတော်ပေါက်စက သူ့သမီးတဲခြေကပဲ တာရိုးပေါ် တက်လာခဲ့တယ်။ ဖိနပ်မပါတဲ့ ဖဝါးက တစ်စုံတစ်ခု နင်းမိတော့ ငုံ့ကြည့်တယ်။ စောစောက မြေးမလေးလက်ထဲ ဆုပ်ထားရာက လွှင့်ပစ်လိုက်တဲ့ ပစ္စည်း ကလေး။ ကောက်ယူလိုက်တော့ တရုပ်သော့ခလောက်ကလေးပါ့ကော။ သံချောင်းနဲ့ ကလန့်ထားလို့ ထင်ပါရဲ့။ သော့ခလောက်က လိမ်ရွဲ့နေပြီ။ သော့ခလောက်ကလည်း မတ်စေ့လောက် ရှိတာကိုး။

သော့ခလောက်ကျိုး ကို လက်တွင်းဆုပ်ပြီး ဆက်လျှောက်လာခဲ့တာပါပဲ။ သမီးခမျာ ကလေးတွေ ကျွေးချင် ရှာလို့ မအေ့တဲထဲ၀င်ပြီး လုပ်မိလုပ်ရာ လုပ်ရှာထင်ပါရဲ့။ ငါ့မြေးတွေ စားကြလို့တော့ ယူကြစမ်းပါ အေ။ အမေ သဒ္ဓါပါ့။ ချက်ချင်း လိုလိုပါပဲ။ ပါးစပ်က တတွတ်တွတ်ရွတ်နေရှာလေရဲ့။

''အဖေ မြင်းဖြူရှင် ... ခွာကိုလည်း ရုပ်တော်မူပါ။ သွားကိုလည်း သိမ်းတော်မူပါ။ ဆန်ခိုးသူကိုလည်း စောင့်ရှောက်တော် မူပါ''

𝐁𝐨𝐨𝐤𝐢𝐬𝐡 𝐛𝐲 𝐊𝐚𝐫𝐢𝐧𝐞 📚✨

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Paing Paing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category