20/07/2026
မင်းပြားမြို့နယ်ကို အကြမ်းဖက်မြန်မာစစ်တပ် ဗုံးကြဲ
ဇူလိုင် ၂၀၊ ၂၀၂၆
အာရက္ခပြည်၊ မင်းပြားမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ယနေ့ညနေ ၇နာရီ ခန့်တွင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရတယ်။
ယနေ့ ဇူလိုင်လ ၂၀ ရက် ညနေ ၇နာရီ ဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ အသုံးပြုပြီး မင်းပြားမြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရတယ်။
"မင်းပြားနဲ့ မြေပုံနယ်အစပ်လို့တော့သိရတယ်။ဂျက်တိုက်လေယာဉ်ကတော့ ခုချိန်ထိ မင်းပြားမြို့ပေါ်မှာလည်းဝဲနေသေးတယ်။ချနေတဲ့နေရာတော့ အတိကျမသိရသေးဘူး" လို့မင်းပြားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းလျက်ရှိသည်။
အလားတူ ယနေ့ ဇူလိုင်လ ၂၀ ရက် နေ့လည် ၂နာရီဝန်းကျင်တွင် ညနေအကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာအုပ်စုလိုက်ကို အသုံးပြုပြီး ကျောက်တော်မြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်တို့ကို ယမန်နေ့ ဇူလိုင်လ (၁၉) ရက်နေ့ တစ်ရက်တည်းတွင် ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ရဟန်းတော် (၂) ပါးအပါအဝင် အရပ်သားပြည်သူ ၂၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရတယ်။
အာရက္ခပြည်အတွင်းရှိ အရပ်သားများ နေထိုင်ရာ မြို့ရွာများကို အာဏာသိမ်းအကြမ်းဖက် စစ်တပ်က မကြာခဏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် အရပ်သားသေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများ ဆက်လက်မြင့်တက်လျက်ရှိသည်။
နောက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သည် အာရက္ခတပ်တော်(AA)နှင့် ထိတွေ့ရင်ဆိုင်နေရသော ကျောက်ဖြူ စစ်မျက်နှာပြင်တွင် စစ်ရေးအရ အရှုံးနှင့်ရင်ဆိုင်နေရသဖြင့် ကျောက်ဖြူမြို့နယ်နှင့် အခြားဒေသများသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများနှင့် လမ်းတံတားများကို ဖျက်ဆီးလာနေခြင်းလည်း ဖြစ်ပါတယ်။