28/07/2017
ကိုယ်လဲ ချိတ်ထမီတင်ပေးထားပါတယ် လိုင်းပေါ်မှာလဲ ပညာဒါန ပေးကြတဲ့ ပုံတွေ ဗီဒီယိုတွေရှိပါတယ်။ ဒါတောင်မှ ချိတ်ထမီဆိုတာကြီးပဲ မေးမေးနေကြတော့လေ ရှိတာတွေက အဆင်မပြေလို့လား ? ဒါမှမဟုတ် ဘာမှသေသေချာချာမကြည့်ပဲ မေးနေကြတာလားဆိုတာ မေးချင်တယ်။ အဲ့တော့ လောလောဆယ်မေးတဲ့သူလဲများနေတဲ့ ချိတ်ထမီကို တင်ထားတာတွေရှိတော့ ပြန်မပြောတော့ပါဘူး။ ဒါပေမယ့် အဆင်မပြေတာတွေရှိရင်တော့ မေးပါ သိသလောက်ပြောပေးပါမယ်။ ဒီပို့စ်မှာတော့ တော်တော်များများ အဆင်မပြေတဲ့ tips လေးတချို့ကိုပြောပေးသွားပါမယ် ...
* ချိတ်ထမီ ချုပ်ချင်လို့ ခါးက ??? တင်က ??? ပိတ်ဘယ်လောက်ကုန်မလဲ ????
🗣 ချိတ်ထမီက ပုံမှန်ထမီ ဝတ်သလိုပဲ ယူရတဲ့အတွက် ထမီ တစ်ကွင်းစာကုန်ပါမယ်။ အတိအကျပြောရရင်တော့ တင်ကြီးရင် ကြီးသလောက်ပိုကုန်ပါမယ်။ ဒီနေရာမှာပြောချင်တာက ခါးတန်ဖိုးနဲ့ လုံးဝ(လုံးဝ) မဆိုင်ဘူးဆိုတာပါပဲ။ တော်တော်များများက ချိတ်ထမီချုပ်ရင် ခါးအရှိကိုပဲ ဒေါက်စာပေါင်းကြပါတယ်။ ဒါကမှားတယ်လို့မဆိုပေမယ့်( ကိုယ့်နည်းနဲ့ကိုယ် အဆင်ပြေရင်သုံးကြပါ ) တင်ကြီးရင် ဒေါက်စာပိုယူမယ် တင်သေးရင် ဒေါက်စာလျှော့ယူမယ်ဆိုတာ အတွေ့အကြုံများသူအတွက် အဆင်ပြေပေမယ့် အတွေ့အကြုံမရှိသူအတွက်ကတော့ မှန်းရတာ အဆင်မပြေနိုင်ပါဘူး။ အဲ့တော့ တင်အရှိတိုင်းပိတ်ကိုယူ ခါးတန်ဖိုးကိုနှုတ် ကျန်တာ ဒေါက်စာ (သို့) ဒေါက်ချုပ်ပြီး အရမ်းပိုနေသေးရင် တင်မှခါးသို့တစောင်း ညှပ်တာက ပိုပြီး အဆင်ပြေသလို ကွင်းသေးသွားမှာ အဖုံးခြမ်းသေးမှာ မစိုးရိမ်ရပါဘူး။ အဲ့တော့ အကြမ်းအားဖြင့်
တင် ၄၀ ခါး ၂၆ ရှိစေကာမူ ကုန်မယ့် ပိတ်က ၄၀x၂+၂(ချုပ်စာ)= ၈၂လက်မ (၂ကိုက် ၁ထွာ ကျော်ကျော်) လိုပါမယ်
တင်၃၄ ခါး၃၀ ဆိုရင် ၃၄x၂+၂(ချုပ်စာ)= ၇၀ လက်မ ( ၂ကိုက် ဒါမှမဟုတ် ၂ကိုက် မိုက်လျော့) ကုန်ပါမယ် ။
ဒီလောက်ဆိုရင် နဲနဲ သဘောပေါက်မယ်ထင်ပါတယ်။ မရှင်းရင် မေးလို့ရပါတယ်။
* ခါးပတ်တပ်ရင် ခါးပတ်က လိမ်လိမ်နေတယ်။ မလိမ်အောင် ဘယ်လိုလုပ်ရမလဲ???
🗣 တချို့က ခါးပတ်မလိမ်အောင် ဟိုလိုလုပ် ဒီလိုလုပ်ပြောနေကြပေမယ့် အမှန်တိုင်းရှင်းရှင်းပြောရရင်တော့ ဟုတ်ကဲ့ လိမ်ပါတယ် လိမ်တာသဘာဝပဲလို့ပြောပါရစေ (ရိုက်ပေါက်နော် 😂😂) ဘာလို့လဲဆိုတော့ ချိတ်ထမီချုပ်ရင် ခါးစားရပါတယ် ဝိုက်ညှပ် ရပါတယ် အဲ့ဒီအခါ ပိတ်က အဝိုက်ဖြစ်သွားပါပြီ။ ပိတ်အဝိုက်ကို ပိတ်အဖြောင့်နဲ့ ခါးပတ်တပ်( တနည်းအားဖြင့်ကွပ်ရင်) လိမ်မှာပါပဲ ။ အဲ့တော့ မလိမ်အောင်ဘယ်လိုလုပ်ရမလဲဆိုရင် အစွေသား ဆွဲသား ယူပြီးကွပ်ရင် မလိမ်ပါဘူး။ ဒါပေမယ့် အစွေစဆိုတာလဲ အများကြီးယူရတော့ ပိုတဲ့ပိတ်နည်းနည်းနဲ့ အဆင်မပြေ ပြန်ပါဘူး။ အဲ့တော့ အကောင်းဆုံးကတော့ အလိမ်နည်းနိုင်သမျှ နည်းအောင် ချုပ်တဲ့အခါ နေရာအနှံ့ ပင်အပ်လေးတွေ ထိုးပြီး သပ်သပ်ရပ်ရပ်ချုပ်ရင် အလိမ်နည်းပြီး မီးပူသေချာထိုးတဲ့အခါ မလိမ်သလောက်ဖြစ်သွားပါတယ်။
*ချိတ်ထမီချုပ်တဲ့အခါ အောက်ကြီးကကားနေတယ်။ အောက်လဲစားပါတယ် ဘာဖြစ်လို့ပါလဲ?
🗣 ချိတ်ထမီရဲ့သဘောကိုက ပေါင်နားတင်နားမှာ စည်းထားနှောင်ထားတာ မရှိပါဘူး။ အဲ့တော့ ပုံမှန်ထမီဝတ်သလိုပဲ သဘာဝအတိုင်းပဲရပါမယ်။ အတင်းကျပ်ချင် ခန္ဓာကိုယ်ပေါ်ချင်လို့တော့မရပါဘူး။ တချို့ထည်တွေကျ ကပ်ကပ်လေးရတယ် တချို့ဟာတွေက မရဘူးဆိုတာကတော့ ပိတ်စအသားနဲ့ဆိုင်ပါတယ်။ ချိတ်ထမီက ပိတ်စအပျော့ အပါးသားတွေနဲ့ အဆင်အပြေဆုံးပါပဲ။ မာတဲ့တောင့်တဲ့အစတွေဆိုရင်တော့ လေးလွှာလဲရပေမယ့် သုံးလွှာ ပတ်ထမီကတော့ အဆင်အပြေဆုံးပါပဲ။
* ခါးပတ်နားက ဟဟနေတယ်။ ဘယ်လိုလုပ်လို့ရမလဲ?
🗣 အဲဒါကတော့ များသောအားဖြင့် ချိတ်တပ်တာနဲ့ ဆိုင်ပါတယ်။ ချိတ်ထမီဆိုတော်တော်များက အတွင်းချိတ်ကို ထမီဝတ်သလိုကျပ်ကျပ်လေးလုပ်ပြီး အဖုံးခြမ်းက ချိတ်ကို အဖုံးရှိသလောက်တပ်ကြပါတယ်။ အဲ့ဒီအခါ အဖုံးခြမ်းက ခါးနေရာမှာနဲနဲပိုပြီး ဟသလိုဖြစ်နေတာပါ။ ဖြေရှင်းရန်နည်းကတော့ ချိတ်တပ်ပေးတဲ့အခါ အတွင်းရော အဖုံးခြမ်းကိုရော လာချိတ်ရမယ့် ကွင်းဘက်ကို ချိတ်စရာနေရာ နောက်ထပ် နှစ်ကွင်းလောက် အပိုထည့်ပေးလိုက်ပါ။ နောက်တခုက ချိတ်ထမီအတွက်ခါးတိုင်းရင် ပုံမှန်ထပ်နဲနဲ ကျပ်ပြီး ဝတ်မယ့်သူကို နေသာလားမေးပြီး အဲ့ဒီအထိတိုင်းပေးပါ။ ခါးကျပ်မှာ မပူပါနဲ့ ပိတ်ပေါ်မှာ ဆွဲရတဲ့အတွက် နဲနဲဆီပိုတာနဲ့ဆို ကွက်တိပါပဲ။
အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အဆင်ပြေနေသူများကလည်း ဆက်သုံးပါ။ အဆင်မပြေသူများကလည်း စမ်းသပ်သုံးချင် သုံးကြည့်နိုင်ပါတယ်လို့။ ပညာရပ်တိုင်းက တန်ဖိုးရှိပါတယ်။ အားလုံးပဲ တန်းဖိုးထားနိုင်ကြပါစေ။
ဒီပိုစ့်ကို ခွင့်မတောင်းပဲ share နိုင်ကြပါတယ်။ မအားတဲ့ကြားကအပင်ပန်းခံ ရေးပေးထားရတာဖြစ်လို့ တဆင့် ပြန်လည်ကူးယူဖော်ပြခြင်း မပြုလုပ်ကြရန် မေတ္တာ ရပ်ခံပါတယ်ရှင်။