29/03/2025
♥️ငလျင်ဘေးကြောင့် စိတ်ဒဏ်ရာရသူများအား ကူညီနည်း (စိတ်ပိုင်းဆိုင်ရာ အရေးပေါ်အကူအညီ) ♥️
🌿ဆောင်ရန်၊ ရှောင်ရန်များ🌿
ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးသွားတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်းတွေကို ဘယ်လို ကူညီဖေးမတွဲခေါ်ကြမလဲ…
လုပ်ဆောင်ရန် (DOs) ✅
၁။ မေတ္တာနှင့် နားထောင်ပါ – သူတို့၏စိတ်ခံစားချက်ကို ဘာမှမဝေဖန်ဘဲ နားထောင်ပေးပါ။ "ဒီလိုခံစားရတာ ပုံမှန်ပါ" ဟု အားပေးပါ။
၂။ သက်တောင့်သက်သာဖြစ်အောင်ကူညီပါ– ရေ၊ အစားအသောက်၊ အနားယူရန်နေရာ စသည်ဖြင့် ကူညီပါ။
၂။ လုံခြုံမှုပေးပါ – ဘေးကင်းရာသို့ ခေါ်သွားခြင်း၊ မိသားစုများပြန်ပေါင်းစည်းခြင်း၊ အတည်ပြုထားသော သတင်းများသာ မျှဝေပါ။
၃။ နေ့စဉ်လုပ်ငန်းဆောင်တာများ ပြန်လည်စတင်ခိုင်းပါ – (ဥပမာ: ရေချိုးခြင်း၊ ထမင်းစားခြင်း၊ အိပ်ရေးဝအောင်အိပ်စေခြင်း၊ အသက်ရှုလေ့ကျင့်ခန်း စတာတွေကို အသိစိတ်ပြန်ကပ်စေဖို့ လုပ်ဆောင်ခိုင်းပါ။
၄။ နွေးထွေးတဲ့ စကားကိုဆိုပါ- မင်းအခုလို ခံစားနေရတာ ငါနားလည်တယ်၊ မင်းတစ်ယောက်တည်း မဟုတ်ဘူး၊ ငါတို့အတူရှိတယ် စသဖြင့် အားတက်စေသော စကားများကို ရွေးချယ်ပြောဆိုပါ။
မလုပ်သင့်သည်များ (Don'ts) ❌
၁။ အတင်းစကားပြောခိုင်းမနေပါနဲ့ – နှုတ်ဆိတ်နေလျှင် ဖိအားမပေးပါနှင့်။ အနားမှာပဲ ရှိနေပေးပါ။
၂။ ခံစားချက်ကို လျစ်လျူမရှုပါနဲ့ – မငိုနဲ့ ၊ စိတ်ကိုတင်းထားစမ်းပါ၊ အဲ့လောက်ကြီးမခံစားနေနဲ့ စသည်ဖြင့် မပြောပါနှင့်။ သူတို့ရဲ့ ခံစားချက်ကို အသိအမှတ်ပြုပါ။
၃။ ကောလဟာလများ မဖြန့်ပါနဲ့ – သေချာအတည်မပြုရသေးသော သတင်းများက ကြောက်ရွံ့မှုကို ပိုတိုးစေပါတယ်။
၄။ ပြင်းထန်သောတုံ့ပြန်မှုများကို လျစ်လျူမရှုပါနဲ့ – အိပ်မပျော်/စားမဝင်ခြင်း (သို့) စိတ်ဒဏ်ရာ လက္ခဏာများ (PTSD) များ ( အိပ်မက်ဆိုးများမက်ခြင်း၊ တုန်လှုပ်ကြောက်ရွံ့နေခြင်း၊ ဂယောင်ကတန်းပြောနေခြင်းများ တွေ့လျှင် စိတ်ကျန်းမာရေး ပညာရှင်များ၊ အဖွဲ့များနှင့် အမြန်ဆက်သွယ်ပါ။
လူ့ခန္တာကိုယ်မှာဒဏ်ရာရရင် ပျောက်ဖို့ အချိန်ယူရသလို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာပျောက်ဖို့လည်း အချိန်ယူရပါတယ်။ သင့်ရဲ့ စိတ်ရှည်မှုနဲ့ ဂရုစိုက်မှုက အရေးကြီးဆုံးပါ။
---
🍀 အထူးဂရုပြုရန် 🍀
- ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နှစ်သိမ့်မှုများ-- (မိမိကိုးကွယ်ရာ ဘာသာတရားအလိုက် မျှော်လင့်ချက် တစ်ခုခုရစေတဲ့ စကားများဖြင့်နှစ်သိမ့်ပေးခြင်း)
- ကလေးများ/သက်ကြီးရွယ်အိုများအတွက် ရိုးရှင်းပြီး နားလည်လွယ်သောစကားလုံးများဖြင့် ရှင်းပြပါ။
ပြည်သူများအား ပြည်သူအချင်းချင်း ကူညီကြပါစို့။