19/11/2020
ဆောင်း_အဝင်မှာ
ကျန်းမာရေးသတိပြုစရာ
Credit : ကြည်လွင်မြင့် (မုဒြာ)
အပူနှင့်အအေး အကူးအပြောင်းတွင် လူတို့ကျန်းမာရေး ချို့ယွင်းတတ်ကြသည်။ နေရောင်ခြည် သည် လူ၏ ကျန်းမာရေးကို အကျိုးပြုသည်။ နေရောင်ခြည်ကောင်းစွာမရသည့် မိုးဥတုနှင့် ညတာရှည် သည့် ဆောင်းဥတုတို့တွင် အဖျားအနာ ရောဂါထူပြောတတ်သည်။
မိုးတွင် ရေငွေ့နှင့် ဆောင်းတွင် နှင်းကျ သောအခါ အအေးဓာတ်ဖြင့် အခိုးငုပ်သည်။ အခိုးငုပ်ခြင်းကြောင့် ကိုယ်တွင်းအပူဓာတ်နှင့် ပြင်ပ အအေး ဓာတ်တို့ ပဋိပက္ခဖြစ်ခါ စိတ်လက်ရွှင်လန်းခြင်းမရှိဘဲ နေထိုင်မကောင်း ဖြစ်သည်ဟု ခံစားနေရတတ်သည်။
မိုးနှင့်ဆောင်းတို့သည် ပွင့်လင်းမှုမရှိသော ရာသီများဖြစ်သည်။
ယခုအခါ မိုးအကုန် ဆောင်းအကူးရာသီသို့ ရောက်ရှိလာပြီးဖြစ်သည်။ တုတ်ကွေးရာသီကုန်သွားပြီး နှာစေးချောင်းဆိုး ဖြစ်တတ်သည့် ရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။
တောင်အရပ်မှ မိုးသက်လေ နှင်တို့ ရုပ်သိမ်းသွားပြီး မြောက်အရပ်မှ မြောက်ပြန်လေနှင့်အတူ နှင်းပွင့်များပါလာတော့မည် ဖြစ်သည်။
နှာစေးခြင်းသည် ကိုယ်တွင်းအပူငုပ်သည့် လက္ခဏာဖြစ်သည်။ ရှေးဆရာကြီးများက အပြင်မှ အအေးတပ်ဖွဲ့ပြီး ပိတ်ဆို့ထားသဖြင့် ထွက်ပေါက်မရှိဘဲ အပူအကျဉ်းကျရောဂါဖြစ်ရသည်ဟု ဆိုသည်။ မွေးညှင်းပေါက်တို့မှ အခိုးအကင်းတို့သည် ချွေး အဖြစ်ထွက်မကျရသောအခါ နှာရည်ယိုကျခြင်းဖြင့် ထွက် ပေါက်ရှာရသည်ဟု အဆိုရှိသည်။ နှာရည်ကျခြင်းသည် ကိုယ်တွင်းအပူများခြင်းကြောင့်ဖြစ်သည်။
ညနေစောင်းအလုပ်မှ အပြန်တွင် ရေချိုး လေ့ရှိသူများသည် ဆောင်းဥတုတွင် နှာစေးပြီး ခေါင်းကိုက် ရောဂါရလေ့ရှိသည်ကို တွေ့ရသည်။ နှာစေး၊ နှာရည်ယိုခြင်း ရုတ်တရက် ရပ်သွားပြီး နှာခောင်းပိတ်သွား လျှင် ထိပ်ကပ်နာ ဖြစ်တတ်သည်။ ထိပ်ကပ်နာသည် နှာခေါင်းအတွင်းနှာရိုးမှ အရွတ်တုံးလေး ရောင်သော ကြောင့်ဖြစ်လေ့ရှိသည်။ ထို့ကြောင့် အလွန်အေးသော အရပ်ဒေသများတွင် ရေနွေးဖြင့် ရေကိုစပ်၍ ချိုးရ သည်။ ရေချိုးပြီး အအေးမိသည်ထင်လျှင် ပရုတ်ဆီကို ကြွေပန်းကန်လုံးတွင် သုတ်လိမ်းပြီး ရေနွေးအဖြူ လောင်းထည့်ကာ ထွက်လာသော ရေနွေးငွေ့ကို ရှူပေးခြင်းဖြင့် ထိပ်ကပ်နာဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။
ခန္ဓာကိုယ်အတွင်း အပူအကျဉ်းကျသောအခါ နှာခေါင်းမှ နှာရည်ယိုသည့်အပြင် ငယ်ထိပ်ထွက် ပေါက်မှလည်း အပူငွေ့များထွက်တတ်သည်။
အချို့လူကြီးများတွင် ဆောင်းတွင်းရောက်မှ ခေါင်းချွေး များ ပြန်ပြီး အမြဲတဘက်ပဝါဖြင့် သုတ်နေရသည်ကို တွေ့ရသည်။ ခေါင်းချွေး ပြန်ရပ်သွားလျှင် နှာစေးနှာရည်ယို ဖြစ်ပြီး ခေါင်းကိုက်လာတတ်သည်။ ထိုရောဂါအတွက် ညအိပ်ယာဝင်ချိန်တိုင်းတွင် ဦးခေါင်းငယ်ထိပ်ကို အုန်းဆီစစ်စစ်လိမ်းပြီး အိပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ အုန်းဆီသည် ငယ်ထိပ်မှ ထွက်လာသောအခိုးကို ဖမ်းယူနိုင်ပြီး ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းကို ကာကွယ်နိုင်သည်။
ဆောင်းရာသီမှာ
“ချင်း” စားပါ
စာရေးသူ၏ မိတ််ဆွေတစ်ဦးသည် လက်ဖက်ရည်အလွန်ကြိုက်သူ တစ်ဦးဖြစ်သည်။ ဈေးရောင်း ရင်း ဆိုင်ထိုင်ရင်း တစ်နေ့လျှင် လက်ဖက်ရည် အချို့ပေါ့ကျ တစ်နေ့လျှင် သုံးခွက်၊ လေးခွက်သောက် သည်ဟု ဆိုသည်။ သူသောက်နည်းမှာ မှာ အခြား သူများနှင့် မတူ
ချင်း ကိုခပ်ပါးပါး လှီးထားသောအဖတ် ကလေးများကို နှစ်ဖတ် သုံးဖတ်မျှ လက်ဖက်ရည်ထဲတွင် စိမ်ထားပြီး ဖြည်းဖြည်းချင်း သောက်သည်။ သူ၏ လက်ဖက်ရည်မှာ ချင်းရနံ့ကလေးသင်းနေသည်။.
မကြာသေးမီကလည်း ကျန်းမာရေးဂျာနယ် တစ်စောင်တွင် အနောက်တိုင်းဆေးပညာရှင်များက ဘလက်ကော်ဖီတွင် ချင်းထည့်သောက်ခြင်းဖြင့် ခေါင်းကိုက်ဝေဒနာကို သက်သာစေကြောင်း ရေးထားသည် ကို ဖတ်ရှုလိုက်ရသည်။
ချင်းကို နာကျင်ကိုက်ခဲဝေဒနာ ကုသရာတွင်လည်း အသုံးပြုကြောင်း ရေးသားထား သည်။ ချင်းကို အရည်ထုတ်ယူပြီး ဗိုက်အောင့်ဝေဒနာနှင့် ပျို့ချင် အန်ချင်ဖြစ်သော ဝေဒနာများတွင်လည်း သုံးစွဲသည်ဟု ရေးသားထားသည်။
ချင်းသည် မူလက အိန္ဒိယနိုင်ငံမှ တင်သွင်းခြင်းဖြစ်ပြီး ပရဆေးကုန်သည်များမှာ အိန္ဒိယလူမျိုးများ ဖြစ်သည်။ ချင်းခြောက်ကို မပုပ်မသိုးစေရန် ထုံးရည်ဖျန်းပြီး သင်းေဘာကြီးများဖြင့် သယ်ဆောင်တင်သွင်း လာသဖြင့် သင်းေဘာချင်းခြောက်ဟူသော အသုံးအနှုန်းမှာ ယနေ့အထိ ပရဆေးလောကတွင် သုံးစွဲနေဆဲ ဖြစ်သည်။ နောက်ပိုင်းတွင် ချင်းကို မြန်မာပြည်တွင်စိုက်ပျိုးသည်။ အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်မှ ထွက်သော ချင်းတက်များမှာ အပူဓာတ်အာကောင်းပြီး ကျစ်လစ်မာကျောသဖြင့် ချင်းတက်ကောင်းအဖြစ် အိန္ဒိ ယ၊ ပါကစ္စတန်စသော နိုင်ငံများသို့ပင် ပြန်လည်တင်ပို့ရသည်။ ကျောက်မဲချင်း၊ အောင်ပန်းချင်း၊ ကျောက်ဆည်နယ် သံရွာ ချင်း တို့သည် အတက်ကြီးပြီး အပူဓာတ်အားကောင်းသဖြင့် နာမည်ကျော်ကြား သည်။ လူကြိုက်များသော ချင်းတက်များ ဖြစ်သည်
ချင်းကို ဟင်းခတ်ရာတွင် အသုံးပြုဆုံးလူမျိုးများမှာ တရုတ်လူမျိုးများဖြစ်ကြောင်းသိရသည်။ ဟင်း ခတ် အမွှေးအကြိုင်အဖြစ်သာမက အသားနူးအောင် ချင်းတက်ထည့်ချက်ကြသည်။ ချက်ပြုပ်သော အသား ကို အစာအိမ်တွင် ရောက်လျှင် အစာကြေစေရန်လည်း ချင်းက အထောက်အကူပြုကြောင်း သိရသည်။
ဆောင်းဥတုသည် အပြင်ထွက်လျှင် အအေးပတ်လွယ်သော ဥတုဖြစ်သည်။ အဝတ်အစား လုံးခြုံ အောင် ဝတ်ဆင်ထားသည့်ကြားကပင် ဦးခေါင်းနှင့် လည်ပင်းကို အအေးပတ်ပြီး အသံဝင်ခြင်း၊ လည်ချောင်း နာခြင်း၊ သွားနာနှင့် သွားဖုံးများ အပူကန်ခြင်း၊ အာသီးရောင်ခြင်းများ ဖြစ်လေ့ရှိသည်။ ထိုသို့ အအေးပတ် ခြင်းကို ချင်းလက်ဖက်ရည်သောက်ခြင်းဖြင့် ကာကွယ်နိုင်သည်။ မိမိအိမ်တွင်သောက်နေကြ ရေနွေးကြမ်း ထဲသို့ ချင်းပါးပါး နှစ်လွှာ၊ သုံးလွှာ လှီးထည့်ပြီး ပူပူလေးသောက်ခြင်းဖြင့် ကာကွယ်နိုင်သည်။
အအေးပတ်ပြီး အဖျားဝင်လျှင်၊ ကိုယ်လက်များ ညောင်းညာကိုက်ခဲလျှင် ချင်းပါးပါးခုနှစ်လွှာ၊ ထန်း လျက်သုံးခဲ၊ ကွမ်းရွက် တစ်ရွက်ကို ခြေ၍ မတ်ခွက်တွင် ထည့်ပြီး ရေနွေးအဖြူ ပူပူလောင်းထည့်ပါ။ ၁၅ မိ နစ်ခန့် အငွေ့လုံအောင် အုပ်ထားပါ။ ထို့နောက် အဖုံးဖွင့်ပြီး မျက်နှာ နှာခေါင်းပေါက်ဖြင့် အငွေ့ကိုရှူရင်း ဖြည်းဖြည်းခြင်း သောက်ပါ။ အအေးမိခြင်းမှ သက်သာစေနိုင်သည်။ ချင်းသုပ်သည် မြန်မာလူမိျုးများ အကြိုက် ရိုးရာအစားအစာ ဖြစ်သည်။ ချင်းကို အမွှာလေးများ ခြစ်ပြီး ရှောက်ရည်ဖြင့်စိမ်ထားသော ချင်းနှပ် သည် ဝမ်းမီးတောက်ပြီး အစာကြေစေသည်။ အအေးပတ်ခြင်းမှ ကာကွယ်ပေးသည်။ လူကြီးများ ကိုယ်ငွေ့ ကောင်းစေရန် ချင်းသုပ်ကို မကြာခဏ ကျေွးပေးခြင်းဖြင့် ကျန်းမာစေနိုင်သည်။
ဆောင်းဥတုတွင်
ရေကျက်အေးသောက်သင့်သည်
ဥတုသုံးပါးတွင် ဆောင်းဥတုသည် အအေးဓာတ်လွန်ကဲသည့် ရာသီဖြစ်သည်။ ဆောင်းရောက် လျှင် အဖြစ်များသည့် ရောဂါဝေဒနာများမှာ အအေးပတ်ခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ နှုတ်ခမ်းများခြောက် သွေ့ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အသားပပ်ခြင်း၊ ဆီးများခြင်းကို အဖြစ်များကြောင်း တွေ့ရသည်။ ဤလက္ခဏာ များမှာ ရိုးရာဆေးပညာသဘောအရ အပြင်အေးပြီး အတွင်းပူသော ကြောင့်ဖြစ်သည်။ အတွင်းမှ အပူသည် အပြင်မှ အအေးကြောင့် အကျဉ်းကျနေသည့်ဟုလည်း ရှေးက တိုင်းရင်းမြန်မာ ဆေးဆရာကြီးများက ဆိုကြ သည်။
ခန္ဓာကိုယ်၏ အပူရှိန်ကို လျှော့ချသောစနစ်မှာ ချေွးထွက်ခြင်းဖြစ်သည်။ ဆောင်းဥတုတွင် အအေး ပတ်ဖွဲ့သောကြောင့် ကိုယ်ခန္ဓာအရေပြားမှ မွေးညှင်းပေါက်များ ပိတ်ဆို့ပြီး အခိုးအငွေ့တို့ မထွက်နိုင်ကြပေ။ ထိုအငွေ့တို့သည် အရေပြားအောင်တွင် ကိန်အောင်းနေရာမှ သွေးကြောများအတွင်းသို့ ဆံချည်မျှင် ပြွန် ကလေးများမှ တစ်ဆင့် ရောက်ရှိပြန်သည်။ ထိုမှ တစ်ဆင့် ကိုယ်တွင်းအင်္ဂါအစုံသို့ ရောက်ရှိပြန်သည်။
အပူအခိုးအငွေ့များသည် ကိုယ်တွင်းအင်္ဂါများသို့ ရောက်ရှိခြင်း အကျိုးဆက်မှာ အစာအိမ်တွင် အပူ ငွေ့များခိုအောင်နေသောအခါ ရင်ပူခြင်း၊ မကြာခဏ ဆာလောင်ခြင်းဖြစ်သည်။ အသည်းတွင် အပူငွေ့များ ခိုအောင်းသောအခါ သည်းခြေရည် ပိုထွက်ခြင်းကြောင့် မကြာခဏ ရင်ပူ၊ ရေငတ်ခြင်းဖြစ်ရသည်။ ကျောက် ကပ်များတွင် အပူအောင်းသောအခါ မကြာခဏ ဆီးသွားခြင်းနှင့် ဆီးမသွားဘဲ အောင့်ထားလျှင် ဆီးပူခြင်း၊ ဆီးကျင်ခြင်း၊ ဆီးဝါခြင်း၊ ဆီးနီခြင်းတို့ ဖြစ်တတ်သည်။ နှလုံးတွင် အပူငုပ်သောအခါ နှလုံးအောင့်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်ကြိမ်များခြင်း၊ သွေးတိုးခြင်း၊ အိပ်မပျော်ခြင်းတို့ ဖြစ်နိုင်သည်။
ကျန်းမာရေး အလွန်ကောင်းသော လူငယ်များတွင်ပင် ဆောင်းရောက်သောအခါ နှုတ်ခမ်းများကွဲ အက်ခြင်းတွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ အစာအိမ်တွင်အောင်နေသော အပူမှာအထက်သို့ ကန်ထွက် လာသဖြင့် လည်ချောင်းမှ တစ်ဆင့် အာခေါင်၊ နှုတ်ခမ်းများသို့ ရောက်ရှိပြီး လေပူ၏ သဘောအရ ခြောက် သွေ့အက်ကွဲခြင်းများ ဖြစ်ရခြင်းဖြစ်သည်။ ဆောင်းတွင် ရေခဲရေ၊ အချိုရည်အေး သောက်သူများတွင် ပို၍ နှုတ်ခမ်းကွဲလေ့ရှိသည်။ ရေနွေးကြမ်းသောက်သူများမှာ အကွဲသက်သာသည်ကို တွေ့ရသည်။
ဆောင်းရာသီတွင် အစာအိမ်၌ အပူများ၍ နှုတ်ခမ်းကွဲ၊ အာခေါင်ခြောက် ဖြစ်သူများသည် ညအိပ် ယာဝင်ချိန်တွင် ရေကျက်အေးသောက်သင့်သည်။ ဖြစ်နိုင်လျှင် ညအိပ်ယာဝင်ချိန်ရော နံနက်အိပ်ယာထ ချိန်ပါ နှစ်ကြိမ် ရေကျက်အေးသောက်လျှင် အသားအရေ ခြောက်ခြင်း၊ အက်ကွဲခြင်းများကိုပါ ကာကွယ်နိုင် ပေသည်။ ရေကျက်အေးပြုလုပ်ရန် နည်းလမ်းမှာ ရေကို ကျိုချက်ပြီနောက် အအေးခံထားပြီး အေးသော အခါ ဖန်ပုလင်း၊ သို့မဟုတ် ရေတကောင်းတွင် ထည့်ပြီးသောက်နိုင်သည်။ ရေကျက်အေးကို ပလတ်စတစ် သောက်ရေသန့်ဘူးတွင် မထည့်ပါနှင့်။ ဖန်ပုလင်းမရှိလျှင် အိမ်သုံးမြေသောက်ရေအိုးတွင် ထည့်၍သောက် ပါ။ မြေဖြင့် ပြုလုပ်ထားသည့် ရေတကောင်းတွင် ထည့်လျှင် သဘာဝ အအေးဓာတ်ကိုပို၍ပင် ရရှိနိုင်ပါ သည်။
ရေကျက်အေးကို သောက်ခြင်းဖြင့် လူကို ကျန်းမာစေနိုင်ကြောင်း ယောအတွင်းဝန် ဦးဖိုးလှိုင်ရေး သားသည့် ဥတုဘောဇနသင်္ဂဟကျမ်းတွင် ပါရှိပါသည်။ သဘာဝမြစ်ရေ၊ ချောင်းရေ၊ ကန်ရေများကိုပင် သန့်စင်စေရန်အတွက် အနည်ထိုင်အောင် ထားပြီးနောက် ပို၍သန့်စင်စေရန် ကျက်အောင် ကျိုချက်ရသည်။ ကျိုချက်ပြီး အအေးခံသော ရေကျက်အေးကို သောက်ခြင်းဖြင့် ပိုးမွှားကင်းစင်သော အကျိုးရှိပြီး ဝမ်းပျက် ခြင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းများပါ ကာကွယ်နိုင်သည်။ ဆောင်းဥတုတွင် ရေစိမ်း သောက်ခြင်းထက် ရေကျက်အေး သောက်ခြင်းက ပို၍ ကျန်းမာစေနိုင်ကြောင်း တင်ပြလိုက်ရပါသည်။
#ကြည်လွင်မြင့် (မုဒြာ)