31/12/2023
" နှစ်တွေနဲ့အတူ_သစ်နေတဲလူ "
🔹 နှစ်တွေဆိုတာ …
၁၂-လ ပြီးရင် ၁-ကပြန်စ ပြီးတော့
နှစ်ဦး, နှစ်သစ်လို့ သတ်မှတ်လို့ရတယ်၊
သတ်မှတ်ခွင့်လည်း ရှိတယ်၊
သတ်မှတ်နိုင်တဲ့ အထောက်အထား အဖြစ်နဲ့
ဒီတစ်လ တစ်ပါတ်ပြန်ရောက်တိုင်း
မနှစ်က ဒီလ ဒီအချိန်မှာတွေ့ရတဲ့ ပတ်ဝန်းကျင်၊
ရာသီဥတု၊ သစ်ပင် ပန်းမာန်တွေ အကုန်လုံးကို
တွေ့ရတယ် ။
တစ်နှစ်ပြန်ရောက်တာ တကယ့်အသစ်တွေလို
နှစ်ဦးကို နှစ်သစ်လို့ခေါ်တယ် ။
နှစ်တွေက အသစ်အသစ်ပြောင်းခွင့်ရှိသော်လည်း
လူတွေမှာဆိုရင် ၁၂-လ ပြည့်ပြီးရင်
၁- ကပြန်စဖို့ အသစ်ပြောင်းခွင့် မရှိဘူး ။
နှစ်က အသစ်ကိုပြောင်းပေမဲ့ ခန္ဓာကိုယ်ကြီးက
၁၂-လ တစ်ပတ်ပြည့်ပြီးတိုင်း …
တစ်နှစ် တစ်နှစ် ပိုပိုပြီးတော့
ဟောင်းသွားသလို ခံစားရတယ်ပေါ့နော် ။
အထူးသဖြင့် သက်တမ်းထက်ဝက်
ကျော်တဲ့အခါဆိုရင် ပိုပြီးတော့ သိသာတယ်။
ဦးဇင်းတို့ဆိုရင် ၁၂-လ တစ်ပတ်ပေါင်း
၇၅- ကြိမ် ကြုံသွားပြီဆိုတော့
ပြန်သစ်မလာဘူးဗျ ၊
၇၅-နှစ်စာကြီး အိုသွားတာ ။
ယောဆရာတော် ပြောသလိုဆိုရင်
ဘုန်းကြီးအိုကြီး လို့တောင် ပြောလို့ရမယ် ။
လောက သတ်မှတ်ချက်အရ
အသက်-၆၀ ဆိုရင် ပင်စင်, အနားယူသင့်တဲ့
လူအိုလေး စာရင်း ဝင်ပြီ ။
🔹 အဲဒီတော့ …
#နှစ်တွေသစ်သလို_လူတွေကမသစ်နိုင်ဘူးလား
အဲလို စဉ်းစားစေချင်တယ်။
မြတ်စွာဘုရားက နကုလပိတာ ဒကာကြီးကို
လူမှာ အိုမင်းသွားတာ ရှိသလို၊
မအိုတဲ့အပိုင်းလည်း ရှိတယ်၊
ငါ့ရုပ်ခန္ဓာကြီးက ဟောင်းလာ, အိုလာပေမဲ့၊
အထဲက ‘စိတ်’ဆိုတဲ့ နာမ်တရားကတော့၊
မအို၊ မဟောင်း၊ မနာအောင် နှလုံးသွင်းပြီး၊
ကျင့်ပေရော့လို့ ဆိုတယ် ။
လူခန္ဓာကိုယ်ကြီးမှာ တစ်နှစ်တစ်နှစ် ပြောင်းတိုင်း
ဟောင်းဟောင်းသွားတဲ့အပိုင်း ရှိသလို၊
တစ်နှစ် တစ်နှစ် အသစ်ကူးတိုင်း ကူးတိုင်း
နှစ်တွေနဲ့အတူ သစ်နိုင်တဲ့အပိုင်းလည်းရှိတယ် ။
လူ့ခန္ဓာကိုယ်ဆိုတာ … …
ရုပ်တရား, နာမ်တရားဆိုတဲ့
အခြေခံတရား နှစ်ခုနဲ့ တည်ဆောက်ထားတာ၊
ဘုရားက … အဲဒီနှစ်ခုထဲမှာ ရုပ်ခန္ဓာကြီးကတော့
ဟောင်းတတ်တဲ့ အမျိုးဆိုတော့ ဟောင်းမှာပဲ၊
သစ်လို့ရတာ မဟုတ်ဘူးဆိုတော့
နှစ်သစ်ပေမဲ့ ဟောင်းသွားတဲ့ အပိုင်းပေါ့ ။
ဒါပေမဲ့ မဟောင်းအောင်၊ အမြဲသစ်နေအောင်
ပြုပြင်လို့ရတဲ့ အပိုင်းလည်းရှိတယ်၊
‘နာမ်’ဆိုတဲ့ စိတ်ကတော့ သစ်နေအောင်
ပြောင်းလို့ရတယ် တဲ့ ။
သစ်အောင် ပြောင်းလို့ရတဲ့ အပိုင်း နဲ့
မရတဲ့အပိုင်းကို
ကွဲကွဲပြားပြား နားလည်စေချင်တယ် ။
#ပြောင်းလို့မရတဲ့အပိုင်းက_ရုပ်၊
#ပြောင်းလို့ရတဲ့အပိုင်းက_နာမ် ။
🔹 ပြောင်းလို့မရတဲ့ ရုပ်အပိုင်းကြတော့
အမြဲတမ်း သစ်ဖို့ ကြိုးစားတယ်၊
မနက်လင်း မျက်နှာဆေးကြောတာကိုက
မျက်နှာသစ်တယ် လို့ ခေါ်တာ၊ ဒါပေမဲ့ …
ရုပ်ခန္ဓာကိုယ်ကြီးက ဘယ်လောက်ပဲ
ဆေးကြော သုတ်သင်နေပါစေ သစ်လို့မရဘူး၊
တနေ့ထက် တနေ့၊ တစ်လထက် တစ်လ၊
တစ်နှစ်ထက် တစ်နှစ်
ဟောင်းဟောင်း လိုက်နေတယ် ။
ဘုရားက … နာမ်ခန္ဓာကြီးကတော့ သစ်ချင်ရင်
သစ်လို့ရပါတယ်တဲ့၊
စိတ်ကိုတော့ သစ်လို့ရပါတယ်။
သစ်လို့ရတဲ့ အပိုင်းကို ဘယ်လိုသစ်ရမလည်း
ဆိုတာကို မြတ်စွာဘုရားက
‘သလ္လေခသုတ်’မှာ ဟောခဲ့ပါတယ်။
🔹 အဝိဇ္ဇာ တဏှာ ဦးဆောင်တဲ့
ကိလေသာတွေဟာ
သံသရာအစထဲက ဖြစ်ပေါ်လာတာဆိုတော့
အလွန်ဟောင်းတာပဲ၊
ဘယ်လောက်ကြာခဲ့ပြီ ဆိုတာတောင်
ပြောလို့မရအောင် ဟောင်းတယ် ။
အဲဒီ တရားဟောင်းတွေ လွှမ်းမိုးနေသေးသမျှ
ဒီပုဂ္ဂိုလ်ရဲ့ စိတ်ဟာလည်း ဟောင်းတယ် ။
အဲလိုဆိုရင် ရုပ်ခန္ဓာကိုယ်လည်း ဟောင်းတယ်၊
စိတ်ခန္ဓာ (နာမ်ခန္ဓာလေးပါး) လည်း
ဟောင်းတယ်ဆိုရင်
ဒီပုဂ္ဂိုလ်ဟာ နှစ်တွေ ဘယ်လောက်သစ်သစ်
သူကတော့ ဟောင်းမြဲ ဟောင်းနေမယ် ။
#နှစ်တွေနဲ့အတူ_သစ်ချင်ရင် … … …
#အဲဒီစိတ်ခန္ဓာမှာ_သံသရာအစထဲကပါလာတဲ့
#တရားဟောင်းကြီးတွေဖြစ်တဲ့
#လောဘ_ဒေါသ_မောဟဦးဆောင်တဲ့
#ကိလေသာတွေကိုဖယ်ရှားပြစ်ရမယ် ။
တရားဟောင်းတွေ ဖယ်ရှားပြစ်ရင်
တရားအသစ်တွေ ပေါ်လာမယ်လို့ ဆိုတာပါ ။
🔹 အားလုံး ကြားဖူးပါတယ် …
မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဆိုတာ
အပြင်နဲ့ ဆက်ဆံတဲ့ ကာယကံ၊ ဝစီကံ
ပြုပြင်ပြောင်းလဲရေးပေါ့နော ။
#အထဲကတကယ်တမ်းသစ်အောင်ပြုပြင်လို့ရတယ် ဆိုတဲ့
#မနောကံပြုပြင်ရေးရဲ့_အဓိကကတော့
ဘုရားညွှန်ကြားချက်က … …
ဖြူအောင် စိတ်ကိုထား တဲ့ ၊၊
#ဖြူအောင်စိတ်ကိုထားဆိုတာ၊
#ကိလေသာအညစ်အကြေးတွေကိုစိတ်မှာ
#ကင်းစင်သွားအောင်လုပ်ရမှာ။
ကိလေသာ အညစ်အကြေးတွေ
တကယ်ကင်းစင်သွားအောင်ဆိုရင် …
မဟာသတိပဋ္ဌာနသုတ်မှာ ဘုရားရှင်က …
သတ္တဝါတို့အတွက် စိတ်မှာ ကိလေသာ
အညစ်အကြေးတွေ ကင်းစင်သွားချင်တယ်
ဆိုရင်တော့
လမ်းက သတိပဋ္ဌာန်လမ်းကြောင်း
တစ်ကြောင်းတည်းပဲ ရှိတယ် တဲ့ ။
🔹 #နှစ်တွေနဲ့အတူသစ်နေဘို့အတွက် …
အပြင်ဆက်ဆံရေးဖြစ်တဲ့ ကမ္မဝဋ့်အမှားတွေကို
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ခြင်းဖြင့်
သုတ်သင်၍
အတွင်းသန့်ရှင်းရေးဖြစ်တဲ့
ဖြူအောင်စိတ်ကို ထားနိုင်ရေးအတွက်
ကာယာနုပဿနာ သတိပဋ္ဌာန်မှ စ၍
ဝေဒနာ, စိတ္တ, ဓမ္မအဆင့်ထိ
အဆင့်ဆင့် ပြောင်းလဲပြီး၊
နောက်ဆုံး ရုပ်နှင့်နာမ်ကိုသိတဲ့ ဉာဏ်ပိုင်ရှင်
အဖြစ်နဲ့ ဒိဋ္ဌိများကင်းကွာပြီး၊
အကြောင်း အကျိုး,
ပဋိစ္စသမုပ္ပါဒ် အသိပိုင်ရှင်များ အဖြစ်နဲ့၊
ဝိစိကိစ္ဆာများ အညွှန့်ကျိုးပြီး
အဖြစ်နှင့် အပျက်ဆိုတဲ့ ဝိပဿနာဉာဏ်
အဆင့်ဆင့်သိ၍၊ နောက်ဆုံးမှာ
အတ္တဒိဋ္ဌိ လုံးဝကင်းစင်ရာ ဖြစ်သော
မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို
မျက်မှောက်ပြုနိုင်သည့်
#အရိယာ_ဘဝသစ်ပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ ။ ဓမ္မဘေရီဆရာတော်အရှင်ဝီရိယ (တောင်စွန်း)
🙏 🙏 🙏
..