11/10/2026
"အလကား" နဲ့ "မေတ္တာ" မတူဘူး
လူတစ်ယောက်ကို ကူညီပေးတဲ့အခါ
တစ်ချို့က အဲဒီအကူအညီကို
"အလကားရတာ" လို့ မြင်တတ်ကြတယ်
ဒါပေမယ့် အမှန်တကယ်တော့
ဘယ်အကူအညီမှ အလကားမဟုတ်ပါဘူး
အဲဒီနောက်ကွယ်မှာ အချိန်ရှိတယ်
အတွေ့အကြုံရှိတယ်စိတ်စွမ်းအားရှိတယ်
စေတနာရှိတယ် အဲဒါတွေကို ငွေနဲ့တိုင်းတာ
မရလို့သာ တန်ဖိုးမရှိသလို ထင်နေကြတာပါ
ကျွန်မတို့ ကူညီပေးခဲ့တာတွေထဲမှာ
မသိစိတ်ထဲက ရလိုမှုတစ်စုံတစ်ရာ
ရှိခဲ့ရင်တောင် အဲဒီရလိုမှုက လူတစ်ယောက်ကို
အသုံးချချင်တဲ့စိတ် မဟုတ်ခဲ့ပါဘူး .. အနည်း
ဆုံးတော့ စေတနာကို မညစ်ထေးစေခဲ့ဘူး
ဒါကြောင့် အဲဒီအကူအညီတွေကို ရဲရဲဝံ့ဝံ့
"မေတ္တာနဲ့ကူညီမှု" လို့ပဲ ခေါ်ချင်ပါတယ်
ဒါပေမယ့်
"သူက ငါတို့မို့လို့ အလကားလုပ်ပေးတာ"
"ဒီလူကို ပြောလိုက်ရင် အခမဲ့ရတယ်" ဆိုတဲ့
စကားတွေကိုတော့ မပြောစေချင်ပါဘူး
အဲဒီစကားဟာ မေတ္တာနဲ့ အကူအညီပေးသူရဲ့
စေတနာကိုအသိအမှတ်မပြုတဲ့ စကားဖြစ်သလို
ပေးခဲ့တဲ့ မေတ္တာကိုလည်း "တန်ဖိုးမရှိတဲ့အရာ"
အဖြစ် လျှော့ချလိုက်သလို ဖြစ်သွားပါတယ်
တကယ်တမ်း အကူအညီတောင်းခွင့်ရှိသလို
အကူအညီပေးသူကို လေးစားရမယ့်
တာဝန်လည်း ရှိပါတယ်
လေးစားမှုဆိုတာ ငွေကြေးနဲ့ မဆိုင်ဘူး
ရာထူးနဲ့လည်း မဆိုင်ဘူး .. လူတစ်ယောက်ရဲ့
အခြေခံယဉ်ကျေးမှုနဲ့ပဲ ဆိုင်တယ်
ကျွန်မတို့ကို စေတနာနဲ့ ကူညီခဲ့တဲ့သူကို
"အလကား" ဆိုတဲ့ စကားတစ်လုံးနဲ့
မသတ်မှတ်မိဖို့ လိုပါတယ်
လူတစ်ယောက်ရဲ့ စေတနာကို
တန်ဖိုးထားပေးနိုင်တဲ့သူဟာ နောက်တစ်ခါလည်း စေတနာကို ထပ်ရနိုင်ပါတယ်
ဒါပေမယ့် စေတနာကို အခွင့်အရေးလို့
သဘောထားတဲ့ သူဆီမှာတော့
စေတနာတွေ တဖြည်းဖြည်း
ကုန်ဆုံးသွားတတ်ပါတယ်
စေတနာတုံးသွားစေတဲ့
အကြောင်းရင်းတွေထဲမှာ
မလေးမစားပြောဆိုခြင်း
လိုသုံးသဘောထားခံရခြင်း
ကိုယ့်စေတနာကို ကိုယ့်ခွင့်ပြုချက်မရှိဘဲ
လူသိရှင်ကြား ကြွားဝါဖို့
အသုံးချခံရခြင်းတွေက အဆိုးဆုံးပါပဲ
ကူညီပေးနိုင်တာက မေတ္တာပါ
လေးစားတတ်တာက ယဉ်ကျေးမှုပါ
ဒီနှစ်ခု ပေါင်းစည်းတဲ့အခါမှပဲ
လူမှုဆက်ဆံရေးက ရေရှည်တည်တံ့နိုင်ပါတယ်
အကူအညီဆိုတာ "အလကား" မဟုတ်ဘူး
အဲဒါက လူတစ်ယောက်ရဲ့ အချိန်၊ အားထုတ်မှုနဲ့
မေတ္တာကို မျှဝေပေးလိုက်တာပါ
အဲဒီမေတ္တာကို တန်ဖိုးထားတတ်တဲ့သူတွေသာ
နောက်ထပ် မေတ္တာတွေကို
ဆက်လက်ရရှိနိုင်ကြပါတယ်
Credit EiEiHnin